ယူကရိန်းကို အမေရိကန်က တာဝေးပစ်ဒုံးကျည်စနစ်တွေအပါအဝင် နောက်ထပ် ဒေါ်လာ သန်း ၄၅၀ တန်ဖိုးရှိတဲ့ လုံခြုံရေးအကူအညီတွေပေးသွားမှာဖြစ်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ဇွန်လ ၂၃ရက်မှာ ပြောပါတယ်။
အခုတခေါက်အကူအညီမှာ ကမ်းရိုးတန်းနဲ့ မြစ်ကြောင်း ကင်းလှည့်သင်္ဘော ၁၈ စင်းအပါအဝင် ကျည်ဆန်တွေနဲ့ နောက်ထပ် High Mobility Artillery Rocket Systems (HIMARS)ဒုံးကျည်စနစ် ၄ခု ပါဝင်မှာဖြစ်ပြီး တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၄၅၀ အထိရှိမယ်လို့ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ပွဲဟာ မကြာသေးမီရက်သတ္တပတ်အတွင်း ရက်စက်ကြမ်းကြုတ်တဲ့အဆင့်ကို ရောက်လာပြီး ရုရှားတပ်ဖွဲ့တွေဟာ အရှေ့ပိုင်းဒွန်ဘတ်စ်ဒသအပေါ် ပြင်းထန်တဲ့ အမြောက်ပစ်ခတ်မှုတွေကို အာရုံစိုက်လာပါတယ်။
ဒါ့ကြောင့် အရှေ့ပိုင်းဒွန်ဘတ်စ်ဒေသရှိ ယူကရိန်းနေရာတွေကို ချေမှုန်းဖို့အတွက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတဲ့ ရုရှားဒုံးကျည်စနစ်တွေရဲ့ အကွာအဝေးကို အလှမ်းမီနိုင်ဖို့ HIMARS စနစ်တွေ လိုအပ်တယ်လို့ ယူကရိန်းက ဆိုထားပါတယ်။
ဖေဖော်ဝါရီလ ၂၄ရက်နေ့မှာ ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွဲချိန်ကတည်းက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒမ်ဦးဆောင်တဲ့ အစိုးရဟာ ယူကရိန်းကို ကန်ဒေါ်လ ၆ဘီလီယံကျော်ဖိုး ထောက်ပံ့ခဲ့တာ ဖြစ်ပါတယ်။
တာဝေးပစ်လက်နက်တွေဟာ ရုရှားပိုင်နက်ကို တိုက်ခိုက်တဲ့နေရာမှာ အသုံးပြုသွားမှာမဟုတ်ကြောင်း ယူကရိန်းဆီက အာမခံချက်ရရှိထားပြီး ဖြစ်တယ်လို့ အမေရိကန်က ဆိုပါတယ်။