Spring Bridge Online Education Program ရဲ့ကျောင်းအပ်ကာလ တိုးမြှင့်

ဒေါက်တာဘိုင်အိုက ပရောဂျက်ဒါရိုက်တာအဖြစ် ဦးဆောင်ဖွင့်လှစ်ထားတဲ့ Spring Bridge Online Education Program ရဲ့ကျောင်းအပ်ကာလကို ဇွန်၃၀ရက်နေ့အထိ တိုးမြှင့် လက်ခံသွားမယ်လို့ သိရပါတယ်။
ကျောင်းအပ်ကာလကိုမေလလယ်ကနေ ဇွန်လ၅ရက်နေ့အထိသတ်မှတ်ထားခဲ့ပေမဲ့ အများတောင်းဆိုချက်ကြောင့် အချိန် တိုးမြှင့်လက်ခံပေးလိုက်တာဖြစ်သလို ကျောင်းသားဦးရေကို မကန့်သတ်ထားဘူးလို့ သိရပါတယ်။
Spring Bridge Online Education Program ကို ၂၀၂၂ မေ ၁ရက်နေ့ မှာ စတင်တည်ထောင် သက်ဝင်စေခဲ့ပြီး ကြားကာလပညာရေးအစီအစဉ်ဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနရဲ့ ပညာရေးရည်မှန်းချက်တွေကို အခြေခံကာ Formal Education Program ဖြစ်အောင် ဒီဇိုင်းဆင်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
Spring Bridge Online Education Programအနေနဲ့ သင်ရိုးသစ်ကိုသာသင်ကြားပေးမှာဖြစ်ပြီး..Grade 1ကနေ Grade 12 အထိ အတန်းမကျန်အောင် သင်ကြားပေးမှာဖြစ်ပါတယ်။
သင်ကြားမှုကို ဇွန်လ ၆ရက် ကစတင်ခဲ့ပြီး သင်တန်းကာလ ၆လ သာသတ်မှတ်ထားတာမို့ မူလတန်းနဲ့ အလယ်တန်းတွေအတွက် စာသင်ချိန် နေ့စဉ်၅နာရီအပြည့်ထားကာ အထက်တန်းတွေ အတွက်နေ့စဉ် ၆နာရီသတ်မှတ်ထားတယ်လို့ဆိုပါတယ်။
အခုအခါ ကျောင်းအပ်ထားသူ ၁၀၀၀ ကျော်ရှိပြီး ကျောင်းရဲ့အွန်လိုင်းပလက်ဖောင်းမှာချိတ်ဆက်သင်ယူသူ ၈၀၀ ခန့်ရှိနေပြီဖြစ်ပါတယ်။
ပြဌာန်းဘာသာရပ်အားလုံးကို မခြွင်းမချန်သင်ကြားပေးပြီး ဖက်ဒရယ် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဘာသာရပ်ကို ဖြည့်စွက်သင်ရိုး အဖြစ် အတန်းတိုင်းကိုသင်ပေးသွားမယ်လို့ သိရပါတယ်။
ကျောင်းသားတွေဆီကနေ တစ်နှစ်ပတ်လည် အလှူငွေလုံးဝမကောက်ဘဲ အခမဲ့သင်ကြားပေးသွားမှာဖြစ်ပြီး ပညာရေးရန်ပုံငွေကို စေတနာရှင်တွေဆီကနေသာ သီးခြားစုဆောင်းသွားမယ်လို့ ထုတ်ပြန်ပါတယ်။