ဒေသခံတွေ လုပ်ငန်းခွင်ဝင်နိုင်ဖို့ ကလေး PDF က တပ်ဆင်ထားတဲ့မိုင်းတွေ ပြန်ဖြုတ်သိမ်းပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တောင်ပိုင်း ဒေသခံတွေအနေနဲ့ လုပ်ငန်းခွင်ကို စိတ်ဖြောင့်ဖြောင့်နဲ့ ပြန်ဝင်နိုင်ဖို့အတွက် တပ်ဆင်ထားတဲ့မိုင်းတွေကို ပြန်ဖြုတ်သိမ်းပေးခဲ့တယ်လို့ ကလေး PDF က ဇွန်လ ၁၂ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီ ထုတ်ပြန်ချက်ထဲမှာတော့ “ကလေးမြို့နယ်တောင်ပိုင်း ထိုမာကျေးရွာကနေလမ်းတလျှောက် နတ်ချောင်းကျေးရွာအထိ ကျေးရွာများအတွင်းရှိ မိဘပြည်သူများအနေဖြင့် ကျွန်ုပ်တို့၏ စစ်ရေးအရ ထောင်ထားသောမိုင်းများကြောင့် စိုးရိမ်ပူပန် ထိတ်လန့်နေရသည်ဟု ကြားသိရသဖြင့် ကျွန်ုပ်တို့ PDF(kalay) မိုင်းတပ်စု အနေဖြင့် များစွာစိတ်မကောင်းဖြစ်ရပါသည်” လို့ ဆိုထားပါတယ်။
ထိုမာ၊ သာယာကုန်း၊ ကြာအင်း၊ စည်သာ ၊နတ်မြာင်း၊ နတ်ချောင်း ၊ ချောင်းခွ ၊အောင်ချမ်းသာ ၊ ဟဲလုပ် ကျေးရွာတွေကြား (အနောက်တောင်မှအစ အရှေ့ဘက် မြစ်ကမ်းစပ်အထိ) မိုင်းကွင်းတွေအားလုံး သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ အစည်းအဝေးပြုလုပ်ပြီး ရုတ်သိမ်းဖို့ သဘောတူညီမှုတွေ ချမှတ်ခဲ့တာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်တပ်အနေနဲ့ ထိုမှာကနေ နတ်မြောင်းအထိ ကားနဲ့လာမယ်ဆိုရင် ၁၅ မိနစ်လောက်သာလာပြီး ခြေလျင်လျှောက်ပါက နှစ်ရက်ကြာတဲ့အတွက် လာရတာကြောင့် အခုလို မိုင်းထောင်ထားတာဖြစ်နိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။
“အရင်က မိုင်းထောင်ထားတော့ စခတွေက ထိုမာကနေ နတ်မြောင်းထိကို ခြေလျင်နဲ့ ၂ရက်လောက် ကြာအောင်သွားရတယ်။အခု မိုင်းဖြုတ်လိုက်ပြီဆိုတော့ ကားနဲ့ ၁၅မိနစ်လောက်နဲ့ အရောက်သွားလို့ရမှာဆိုတော့တော်တော်လေးကို နာကြလိမ့်မယ်။ပြေးချိန်ရမှာ မဟုတ်တော့ဘူး” ဒေသခံတစ်ဦးက DNA ကို ပြောပါတယ်။
လက်ရှိမှာ မိုင်းတွေကိုဖြုတ်သိမ်းပြီးဖြစ်​ကြောင့် ဒေသခံတွေအနေနဲ့ လယ်ထွန်တာ၊ကိုင်းခုတ်တာနဲ့ ပေါင်းရှင်းတာတွေကို စိတ်လက်ပေါ့ပါးစွာလုပ်ဆောင်နိုင်ပြီး ထိုမာကနေ နတ်ချောင်းထိ ကျေးရွာတွေအတွင်း တိုက်မိုင်း၊နင်းမိုင်း၊အဝေးထိန်းမိုင်း၊ မိုင်းပဒေသာတွေ ပေါက်ကွဲမှုရှိခဲ့ပါက PDF(kalay) မိုင်းတပ်စုနဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ ဆိုထားပါတယ်။