ချောင်းဦး၊ဘလွေရွာ မီးရှို့မခံရရေး စစ်တပ်ကို ကျပ်သိန်း၂၂၀ ပေးလိုက်ရ

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်၊ဘလွေကျေးရွာကို မီးမရှို့ဖို့ အကြမ်းဖက်စစ်တပ်ကို ကျပ်သိန်း၂၂၀ ပေးလိုက်ရ တယ်လို့ သိရပါတယ်။
ဇွန်၁၁ရက်နေ့ နံနက်ပိုင်းမှာ ချောင်းဦးမြို့နယ် ‌ဘလွေကျေးရွာကိုအင်အား၁၅၀လောက်ရှိတဲ့ အကြမ်းဖက်စစ်တပ်ရောက်ရှိလာပြီး နေအိမ် (၄) လုံးကို မီးရှို့ဖျက်ဆီးကာ ကျေးရွာရှိနေအိမ်တွေထဲက ရွှေ၊ ငွေ၊ ကောက်ပဲသီးနှံမျိုးစုံ၊ တယ်လီဖုန်း နဲ့ အဖိုးတန်ပစ္စည်းတွေကို လုယက်ခဲ့ပါတယ်။
အဲဒီနောက်ကျေးရွာအတွင်းပိတ်မိနေတဲ့ ရွာသားတွေကို ဖမ်းဆီးကာ ဘလွေရွာကို ရွာလုံးကျွတ်မီးရှို့ဖို့ အထက်ညွှန်ကြားလိုက်ပေမဲ့၄ အိမ်ကိုသာမီးရှို့ခဲ့ကြောင်း ရွာလုံးကျွတ်မရှို့စေချင်ရင်ပိုက်ဆံပေးရမယ်လို့ပြောဆိုကာဖမ်းဆီးခံထားရသူတွေဆီက ကျပ် သိန်း (၂၂၀) ယူဆောင်သွားခဲ့ကြောင်း ဒေသခံတစ်ဦးရဲ့ပြောကြားချက်ကိုကိုးကားပြီး ချောင်းဦးမြို့နယ်ပြည်သူ့သတင်းက ဒီကနေ့ ဖော်ပြပါတယ်။
ဇွန်၁၁ရက်နေ့၊ ၁၁နာရီလောက်မှာလည်း ချောင်းဦးမြို့နယ် ၊တောကျောင်းကြီးကျေးရွာထဲဝင်ကာ ရွှေ၊ ငွေ၊ အဖိုးတန်ပစ္စည်းတွေနဲ့ စားသောက်ဖွယ်ရာတွေကို လုယက် ကာ ရွာသားအချို့ကိုဖမ်းဆီးရိုက်နှက်ပြီးနောက် ရွာသားတစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ ဦးခေါင်းထိမှန်ကာ အသက်အန္တရာယ်စိုးရိမ်ရကြောင်းချောင်းဦးမြို့နယ်ပြည်သူ့သတင်းကဖော်ပြပါတယ်။
ဇွန်၁၂ရက်နေ့၊ နေ့လည်ပိုင်းမှာ အကြမ်းက်စစ်တပ်ဟာ တောကျောင်းလေးကျေးရွာထဲဝင်ကာ စိတ်ကြိုက်မွှေနှောက်လုယက်ပြီးနောက် ကျေးရွာအတွင်းပိတ်မိနေတဲ့ ပြည်သူ ၆၀လောက်ကို ဖမ်းဆီးထားကြောင်း သိရပါတယ်။