၎င်းဖြစ်နိုင်ချေ (၇) ချက်ကို မုချလို့ မပြောပါ။ စဉ်းစားနိုင်ဖို့ alternative စဉ်းစားချက်တွေ ကြိုတွက်ဆထားတာ ဖြစ်ပါတယ်။ စဉ်းစားစရာ များများ ရှိတဲ့အခါ ရွေးချယ်စရာများများ ရှိလာပါလိမ့်မယ်။ အတိတ်နဲ့ ပစ္စုပ္ပန်အကြောင်း တရားတွေကို ချင့်တွက်ပြီးတော့ အနာဂတ်ကို မှန်းဆရတာဖြစ်လို့၊ ဝေဝါးတာလည်း ရှိမယ်။ မပြတ်သားတာလည်း ရှိမယ်။ သို့သော်လည်း ဝေးသောအနာဂတ်နဲ့ နီးသောအနာဂတ်ကို ကြိုတင်တွက်ဆထားဖို့တော့ အထူးလိုအပ်တယ်။
• အရာအားလုံးက သူ့သဘောသူဆောင်နေတာ။
• လုပ်မနေနဲ့ ပြောမနေနဲ့။
• လက်နက်ရဖို့ ငွေရှာဖို့သာ အဓိက။
• ဒါဆိုရင် နိုင်ပြီ။
• ကျန်တာ အလကား လို့ ထင်မြင်ယူဆထားသူ
• ဖတ်စရာမလို။
■ ဖြစ်နိုင်ချေ (၁)
၁။ မြန်မာ့နွေဦးတော်လှန်ရေးအောင်မြင်သွားတဲ့ အခြေအနေကို ပြောတာပါ။ တော်လှန်ရေးအောင်မြင်မယ်။ သို့သော် အလကားပဲတင်းတော့ အောင်မြင်မှာ မဟုတ်ဘူး။ ပေးဆပ်မှုကြီးကြီးနဲ့ အောင်မြင်တာ ဖြစ်ဖို့များမယ်။ အကြောင်းကတော့၊ လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေလို့ဖြစ်တယ်။ လက်နက်ကိုင်တော်လှန်ရေးအားလုံး သည်၊ နောက်ဆုံးမှာ စေ့စပ်ညှိနှိုင်းရေးနဲ့ ကလနားသပ်ရတယ်ဆိုတာလည်း နားလည်အပ်တယ်။ သို့သော်လည်း စစ်စစ်မှန်မှန် တော်လှန်ရေးအောင်ပွဲရမှသာ၊ နိုင်ငံရေးအရ စျေးနှိမ်မခံရမှာ ဖြစ်တယ်။ သို့မဟုတ်ရင်တော့ အောက်ကြေးနဲ့ ညှိတာ ခံရမယ်။ အောက်ကြေးနဲ့ အညှိခံရတာကိုပဲ၊ တော်လှန်ရေးအောင်ပြီးလို့ သတ်မှတ်ရင်တော့ နောက်ထပ် တော်လှန်ရေးသစ် မွေးဖွားနိုင်မယ်လို့ ယူဆရတယ်။
၂။ နွေဦးတော်လှန်ရေးအောင်မြင်ဖို့အတွက် လွယ်ကူသလားဆိုတော့ မလွယ်ကူပါ။ သို့သော် မဟာမိတ်ဆက်ဆံရေး တည်ဆောက်နိုင်ရင် ဖြစ်နိုင်ချေများတယ်။ အထူးသဖြင့် အသီးသီးသော လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေအကြားက အမျိုးသားရေးအာဂျင်ဒါတွေကို ဆွဲစုနိုင်ရင် ပိုကောင်းတယ်။ ဒါပေမယ့် ထိပ်ပိုင်းနိုင်ငံရေးအုပ်စုမှာ ညှို့ဓာတ်ပြင်းတဲ့ နိုင်ငံရေးခေါင်းဆောင်မျိုးကို မမြင်။ ဒီ့အတွက် လူနဲ့ ညှို့ယူလို့ မရ။ မူနဲ့ ညှို့ယူမှ ရမယ်။ မူအပေါ်မှာ ရပ်ခံချက် ခိုင်မာကြရင် စစ်ရေးတပ်ပေါင်းစု မဟာမိတ်စုဖွဲ့မှု အားကြီးမယ်။ အားကြီးရင် လက်နက်ကိုင်လမ်းစဉ်အတွက် အထောက်အပံ့ကောင်းဖြစ်မယ်။ သို့သော် နိုင်ငံရေးပဋိညာဉ် ခိုင်မာကျစ်လစ်ဖို့ လိုတယ်။ နိုင်ငံရေးပဋိညာဉ်မှာ သေးသေးလေးတွေကို ကျော်ကြည့်နိုင်ပြီး၊ လိုရင်း အမျိုးသားရေးအခြေခံမူတွေအပေါ်မှာ ထိုင်ထားနိုင်ရင် ဒါဟာ လက်တွေ့ကျမယ်။ သို့မဟုတ်ရင်တော့ စကားလုံးတစ္ဆေခြောက်ခံရရင်း၊ အက်သံပေါက်ပြီး အကွဲအပြဲကြီးနိုင်တယ်။
၃။ ဒါ့ကြောင့် လိုတာ နှစ်ခု ဖြစ်တယ်။ (၁) နိုင်ငံရေးပဋိညာဉ် ခိုင်မာကျစ်လစ်၍ ကျယ်ပြန့်စွာ ချမှတ်သဘောတူ နိုင်ရေး၊ (၂) နိုင်ငံရေးအရ စိတ်ရှည်သည်းခံမှု ခန္တီတရားမြင့်မားရေး။ ဒါဆိုရင်ရင် မဟာမိတ်တပ်ပေါင်းစု ဆက်ဆံရေးမှာ အောင်မြင်မယ်။ အဲသည့်အတွက် ဆုပ်ဆုပ်ကိုင်ကိုင်ပြလို့ ရနိုင်မယ့်အရာက “ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်” ဖြစ်တယ်။ ၎င်းပဋိညာဉ်ကနေတစ်ဆင့် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်လာမယ်။ ၎င်း အခြေခံဥပဒေပေါ်ပြီး စစ်မှန်တဲ့အမျိုးသားရင်ကြားစေ့ရေးကို လုပ်နိုင်ရင် နိုင်ငံတည်ဆောက်ရေးအောင်မြင်မယ်၊ တိုင်းပြည်တည်ဆောက်ရေးအောင်မြင်မယ်။ တိုင်းပြည်တည်ဆောက်ရေးနဲ့ နိုင်ငံတည်ဆောက်ရေးအောင်မြင်ဖို့ အတွက်ဆိုရင် အင်စတီကျူးရှင်းအဟောင်းကို အင်စတီကျူးရှင်းအသစ်နဲ့ အစားထိုးတဲ့ လုပ်ငန်းစဉ် ပီပီပြင်ပြင် အကောင်အထည်ဖော်နိုင်ရမယ်။ ဒါကို အင်စတီကျူရှင်နယ်လိုက်ဇေးရှင်းလို့ ပြောမယ်။ ဒါဟာ သိမ်မွေ့ပြီး လက်တွေ့ကျကျ လုပ်ရမှာ ဖြစ်လို့၊ နိုင်ငံရေးပယောဂနဲ့ လူမျိုးရေးပယောဂ ပူးဝင်ကပ်ပါနေရင် အောင်မြင်ဖို့ မလွယ်။ အဆိုးကျော့သံသရာထဲ ပြန်ပြီး လည်ထွက်သွားမယ်။ သို့မဟုတ်ရင်တော့ ကျော်နိုင်ပါလိမ့်မယ်။
■ ဖြစ်နိုင်ချေ (၂)
၄။ ဖြစ်နိုင်ချေ နံပါတ်နှစ်ကတော့ – “အချိုးမညီလွတ်မြောက်မှု” ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးဟာ အဆုံးသတ် တိုက်ပွဲကိုတော့ မရောက်ဘူး။ တစ်စုံတစ်ရာအောင်မြင်မှု ရှိတယ်။ တစ်စုံတစ်ရာအောင်မြင်မှုလို့ ပြောတဲ့နေရာမှာ၊ လွတ်မြောက်ဒေသ တစ်စိတ်တစ်ပိုင်းကို ထူထောင်နိုင်တဲ့ စစ်ရေးအောင်မြင်မှု ဖြစ်တယ်။ ဒါဆိုရင်တော့ တစ်ပြည် လုံး မလွတ်မြောက်ဘူး။ အစိတ်အပိုင်းတချို့ လွတ်မြောက်မယ်။ တချို့ အစိတ်အပိုင်းကတော့ စစ်အာဏာရှင် လက်အောက်မှာ ဆက်ရှိနေမယ်။ ဒါကို အချိုးမညီလွတ်မြောက်မှုလို့ သုံးနှုန်းချင်တယ်။
၅။ အချိုးမညီလွတ်မြောက်မှုမှာ ဒီဂရီအနိမ့်အမြင့် ရှိနိုင်တယ်။ ရက္ခိုင်၊ ချင်းနဲ့ ကချင်လို ဒေသမျိုးဟာ အချိုးမညီ လွတ်မြောက်မှုမှာ ဧရိယာကျယ်ကျယ်ရနိုင်တယ်။ ဗမာပြည်မက စစ်ကိုင်းတိုင်းအထက်ပိုင်းနယ်တချို့ကတော့ အကန့်အသတ်နဲ့သာ ဖြစ်လိမ့်မယ်။ သို့သော်လည်း ဗမာပြည်မဟာ စစ်ဆိုင်ထားတဲ့ဒေသအဖြစ် ကာလအတော် ကြာကြာ ရှိနေလိမ့်မယ်။ ရှမ်းမြောက်ဒေသမှာတော့ တအာင်းပလောင်အားကောင်းတဲ့ စစ်ရေးဒေသတွေ ရှိတယ်။ ဒါတွေဟာ ပိုပြီးတဖြည်းဖြည်း နယ်ကျယ်လာလိမ့်မယ်။ မြောက်ပိုင်းမဟာမိတ်စုဖွဲ့မှုဖြစ်တဲ့ ရက္ခိုင်၊ တအာင်းနဲ့ ကိုးကန့်အဖွဲ့တွေဟာ ဆက်စပ်နေလို့ ရှမ်းပြည်နယ်အတွင်းက ပြည်သူ့စစ်အုပ်စုရဲ့ ခွင်ဟာ ကျဉ်းသွားမယ်။ ဝဒေသ ဟာ ယခင်လိုပဲ သီးခြားကင်းလွတ်နေတဲ့ နယ်မြေလို ဆက်ဖြစ်နေအုံးမယ်။ ကယားနဲ့ ကရင်ဒေသတွေကတော့ စိုးမိုးဧရိယာ ပိုကျယ်သထက် ကျယ်လာမယ်။ ဒီလိုနဲ့ အချိုးမညီလွတ်မြောက်မှုတွေ ဒေသအသီးသီးမှာ ပုံစံအမျိုးမျိုး နဲ့ ဖြစ်ထွန်းမယ်။
၆။ မြို့ကြီးတွေမှာတော့ လွတ်မြောက်မှုဆိုတာထက် ပုန်ကန်တော်လှန်မှုတွေ ပြောက်ကျားအသွင်နဲ့ ဆက်ရှိနေလိမ့် မယ်လို့ ယူဆရတယ်။ သို့သော်လည်း စစ်အာဏာရှင်ရဲ့ အရှိုက်ကို ထိုးနှက်နိုင်လောက်တဲ့အထိ ပြောက်ကျား အသွင်နဲ့ ထိုးနှက်နိုင်ဖို့တော့ အတော် ခဲယဉ်းတယ်။ ဒါ့ကြောင့် ဖြစ်နိုင်ချေ နံပါတ် (၂)ဟာ အချိုးမညီလွတ်မြောက်မှု ဖြစ်ပါတယ်။ လူမျိုးစုဒေသတွေမှာတော့ စစ်ရေးစိုးမိုးဧရိယာတွေ ပိုကျယ်လာပြီး လွတ်မြောက်နယ်မြေအသွင် ဆောင်မှု ဖြစ်လာနိုင်တာ ရှိတယ်။ သို့သော်လည်း ပြည်မနယ်မြေတွေမှာတော့ စိုးမိုးဒေသပဲ ဖြစ်နေလိမ့်အုံးမယ်။ လွတ်မြောက်နယ်မြေပီပီပြင်ပြင် ဖြစ်တဲ့အထိ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ယန္တရားကို အသက်မသွင်းနိုင်ရင်၊ စစ်ဆိုင်ဒေသအဖြစ်နဲ့ပဲ ခုခံထားရလိမ့်အုံးမယ်။
၇။ ဒီကြားထဲမှာ ထည့်သွင်းစဉ်းစားရမှာက ၊ ဂလိုဘယ်ပါဝါအားပြိုင်မှု ချိန်ခွင်လျှာဖြစ်တယ်။ ဒါက နိုင်ငံတကာ အခင်းအကျင်းနဲ့ ဆိုင်တယ်။ တရုတ်ရဲ့ အခန်းကဏ္ဍဟာ အထူးအရေးပါလာလိမ့်မယ်။ အခုလည်း အရေးပါနေပြီး ဖြစ်တယ်။ တရုတ်က နွေဦးတော်လှန်ရေးရဲ့ ပွဲသိမ်းရိုက်ချက်ကို မပြုနိုင်ပေမယ့်၊ ဖျက်နိုင်စွမ်း ရှိတယ်။ ဒါကို ထည့်တွက်ပြီး ကြည့်မြင်ရလိမ့်မယ်။ နောက်တစ်ချက်က တော်လှန်ရေးသက်လုံဖြစ်တယ်။ တော်လှန်ရေးသက်လုံ မြင့်မားရင်၊ အချိုးမညီလွတ်မြောက်မှုကနေတစ်ဆင့် တစ်ပြည်လုံးလွတ်မြောက်ရေးအထိ သွားနိုင်လိမ့်မယ်။ လူမျိုးစု အချင်းချင်းအကြား မဟာမိတ်ဆက်ဆံရေးကို ရေပက်မဝင်အောင် တည်ဆောက်ထားနိုင်ရင်တော့၊ အတိုင်း ထက်အလွန် ဖြစ်မြောက်မယ်။
■ ဖြစ်နိုင်ချေ (၃)
၈။ စစ်ရေးရလဒ် ပြတ်ပြတ်သားသား မထွက်ဘဲနဲ့ မျောနေတဲ့ အခြေအနေ၊ အီလည်လိုက်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးမှာ ဘယ်ဘက်ကမှ မနိုင်ဘဲ အပြန်အလှန် လွန်ဆွဲအားပြိုင်မှု ကာလ ကြာရှည်နေတဲ့ အခြေအနေဖြစ်ပါတယ်။ တစ်ဖက်မှာလည်း နိုင်ငံရေးစေ့စပ်ညှိနှိုင်းမှု မဖြစ်ထွန်းဘူး။ ဘယ်သူကမှ မညှိချင်ဘူး။ တစ်ဖက်ဖက်က စညှိတယ်ဆိုရင်လည်း၊ အကြောင်းအမျိုးမျိုးပြပြီး အားပြိုင်လွန်ဆွဲနေတဲ့အခြေအနေ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ ဘယ်သူကမှ မရှုံးသလို၊ ဘယ်ဘက်ကမှလည်း မနိုင်သေးဘူး။ ၅၀ / ၅၀ အခြေအနေ နဲ့ မျောနေတဲ့ အခြေအနေပါ။ ဒီအခြေအနေမှာဆိုရင် ဘယ်သူမှ မရှုံးဘူးလို့ ပြောလို့ ရနိုင်ပေမယ့် ပြည်သူကတော့ ရှုံးပြီးနေပါပြီ။ စစ်ကာလရှည်ကြာလေလေ၊ ပြည်သူက ပိုအထိနာလေလေဖြစ်ပါတယ်။ ဒါ့ကြောင့် အဖြေတစ်ခု ပြတ်ပြတ်သားသားထွက်ဖို့ ပြည်သူက ပိုလိုချင်တယ်။ သို့မဟုတ်ရင်တော့ တစ်ယောက်ကိုတစ်ယောက် အပြစ်ဖို့ နေတာနဲ့ လူထုဟာ တော်လှန်ရေးကို ညောင်းသွားမယ်၊ အီသွားမယ်။ ဒါဆိုရင် တော်လှန်ရေးသက်လုံကျတာဖြစ်လို့ အချိန်ကြာလာတာနဲ့ အမျှ၊ တော်လှန်ရေးအင်အားစုတွေဘက်က ချိနဲ့လာဖို့ များပြီ။ ဒါကို တောင့်ခံနိုင်ဖို့ နှစ်ဖက်စလုံးက ကြိုးစားနေကြတယ်။
၉။ ဒါ့ကြောင့် တော်လှန်ရေးက အီလည်လိုက်နေတယ်၊ မျောနေတယ်ဆိုရင် နောက်ဆုံးမှာ တောင့်ခံနိုင်သူကသာ အနိုင်ဖြစ်လိမ့်မယ်။ လက်ရှိ မြန်မာစစ်အာဏာရှင်ခေါင်းဆောင်တွေက မနိုင်ရင်တောင် တောင့်ခံနိုင်ရင် အဆုံးသတ် မှာ အသာစီးရလိမ့်မယ်လို့ မျှော်လင့်ပြီး၊ တောင့်ခံနိုင်ဖို့ ကြိုးစားနေတာတွေ့ရတယ်။ သူတို့အတွက် ကျူပင်ခုတ် ကျူငုတ်မကျန် ဖြိုခွင်းဖိနှိပ်ဖို့အတွက် အတော်မျှော်လင့်ချက်နည်းသွားပြီ။ ဒါ့ကြောင့် သူတို့က တောင့်ခံနိုင်ဖို့သာ ကြိုးစားနေတာတွေ့ရတယ်။ သူတို့ အသက်ဆက်ဖို့ တောင့်ခံနိုင်ခြင်းဟာ အဖြေဖြစ်လို့၊ နောက်ဆုံးအသက်ရှင် ကျန်ရစ်သူဟာ အနိုင်လို့ ဖြစ်လာမယ့် အခြေအနေကို စောင့်နေတယ် ထင်တယ်။
■ ဖြစ်နိုင်ချေ (၄)
၁၀။ တော်လှန်ရေးမှာ ပြတ်သားတဲ့အဖြေမထွက်ရင် ပြည်သူနာမယ်။ နှစ်ဖက်စလုံးက စစ်ရေးအကျပ်အတည်းကို လည်း ဂယ်ပေါက်မဖန်တီးနိုင်။ မာနတွေလည်း ခံနေတယ်။ ထင်တစ်လုံးနဲ့ ဆက်လျှောက်နေတယ်။ လက်တွေ့ လည်း မကျဘူး။ ဟန်ကိုယ့်ဖို့ လုပ်နေတယ်ဆိုရင်၊ မြန်မာပြည်ဟာ တဖြည်းဖြည်း အိပဲ့ပြီး ကျဆင်းသွားလိမ့်မယ်။ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ဓလေ့အရ၊ ဘယ်လောက် ဆိုးဆိုးရွားရွားဖြစ်သည်ဖြစ်စေ ဝုန်းဒိုင်းတော့ ပြိုဆင်းမသွား တတ်ဘူး။ တဖြည်းဖြည်း အိပဲ့ပြီး ကျဆင်းလာမယ်။ ချိနဲ့လာမယ်။ ယိုယွင်းလာမယ်။ အားပျော့လာမယ်။ မြန်မာတွေ ဟာ ခေတ်ပျက်ပေမယ့် ကိုယ့်နေရာ ကိုယ့်ဒေသမှာ ကိုယ့်လူနဲ့ကိုယ် အသက်ရှင်သန်နိုင်အောင် လူမှုအရင်း အားကောင်းပါတယ်။ ဒါကို social capital လို့ပဲ ပြောပြော၊ resilience လို့ပဲခေါ်ခေါ်၊ adaptation ဖြစ်တယ်လို့ပဲ သမုတ်သမုတ်။ အတူတူပါပဲ။ မြန်မာတွေရဲ့ စရိုက်ဟာ တိုင်းပြည်ပြိုကွဲချိနဲ့သွားရင်တောင် ရှင်ကျန်ရစ်နိုင်စွမ်းရှိ တယ်။ အချင်းချင်းအကြား လူမှုအရင်းလည်း အားကောင်းလှတယ်။ ဘယ်လောက်ပဲ fail state ဖြစ်တယ်ပြောပြော၊ အာဖရိကနိုင်ငံတွေ ဖြစ်ပျက်သလိုတော့ မဖြစ်ပါဘူး။ မြန်မာ့လူ့အဖွဲ့အစည်းကို နိုင်ငံရေးက မထိန်းရင်၊ ဘာသာရေး နဲ့ လူမှုရေးက ထိန်းကျောင်းလိမ့်မယ်။ fail state – fragile state ဖြစ်သွားရင်တောင် အလွန်အမင်း ပူပင်စရာမလို။ သို့သော်လည်း အခြေခံကျင့်ဝတ်တွေနဲ့ နှုန်းစံတွေကတော့ တော်ရုံနဲ့ပြန်တည်ဆောက်လို့ မလွယ်လောက်အောင် ပျက်စီးသွားမှာ ဖြစ်ပါတယ်။
■ ဖြစ်နိုင်ချေ (၅)
၁၁။ ဒီအချက်ကိုတော့ အိတ်ခ်ဖက်တာ (x-factor) လို့နာမည်ပေးချင်တယ်။ ဖြစ်နိုင်တယ်လို့ ကံသေကံမ တွက်လို့ မရသလို၊ လုံးဝ မဖြစ်နိုင်ဘူးလို့ မုချလည်း အတပ်မဟောနိုင်။ ဒီတော့ ဖြစ်ချင်ဖြစ်မယ်၊ မဖြစ်ချင် မဖြစ်ဘူး။ သို့သော် ထည့်တွက်ထားရမယ့်ကိစ္စလို့ မြင်တယ်။
၁၂။ မြန်မာတပ်မတော်အတွင်း ခေါင်းဆောင်နဲ့ ခေါင်းဆောင်မှု အပြောင်းအလဲဖြစ်ပါတယ်။ ဒီနေရာမှာ အပိုင်း နှစ်ပိုင်းခွဲကြည့်ပါ။ (၁) ခေါင်းဆောင်ပိုင်း (၂) ခေါင်းဆောင်မှုပိုင်း။ ခေါင်းဆောင်ပြောင်းရုံနဲ့ ခေါင်းဆောင်မှု မပြောင်း နိုင်ဘူး။ တည်ဆဲ ပိုနေမြဲ ကျားနေမြဲ အနေအထားအတိုင်း ဆက်လျှောက်နိုင်မယ်။ နောက်တစ်ခုက ခေါင်းဆောင်မှု အပြောင်းအလဲ။ ခေါင်းဆောင် မပြောင်းဘဲ ခေါင်းဆောင်မှု အပြောင်းအလဲဖြစ်နိုင်ချေ နည်းတယ်။ သို့သော်လည်း ခေါင်းဆောင်မှု ပြောင်းခဲ့ရင် အဲဒါကို ဘယ်လိုအနက်အဓိပ္ပာယ်ဖွင့်ကြမလဲ (how to interpret) ဆိုတာ သိပ်အရေး ကြီးတယ်။ တပ်မတော်အတွင်း ခေါင်းဆောင်နဲ့ ခေါင်းဆောင်မှု အပြောင်းအလဲဖြစ်လို့၊ ဒါကို တော်လှန်ရေးအင်အား စုတွေက ရယ်ဒီကယ်အစွဲသန်ပြီး မူလအထိုင်က မရွှေ့ရင်၊ နှုန်းစံတွေ ဆုပ်ကိုင်ရင်းနဲ့ပဲ လည်ထွက်နေမယ်။ တပ်မတော်အတွင်း ခေါင်းဆောင်မှု အပြောင်းအလဲဖြစ်ခြင်း / မဖြစ်ခြင်းက နွေဦးတော်လှန်ရေးအပေါ် ထူးခြား သော တစ်ဆစ်ချိုးအပြောင်းအလဲ မရှိနိုင်။
၁၃။ တပ်မတော်အတွင်း ခေါင်းဆောင် အပြောင်းအလဲက ဖြစ်နိုင်ချေ များတယ်။ အကြောင်းကတော့ အတိတ် သမိုင်းမှာ ထိုသို့ကြုံခဲ့ဖူးလို့ ဖြစ်တယ်။ နံပါတ်ဝမ်းကို နံပါတ်တူးက ဖယ်လိုက်တာမျိုး။ ၁၉၉၁ – ၉၂ မှာ၊ စောမောင်ကို ဖယ်ပြီး သန်းရွှေက ဝင်ထိုင်တယ်။ သန်းရွှေက စောမောင်ထက် ပိုမာတယ်။ ဒီတော့ ခေါင်းဆောင်မှု အပြောင်းအလဲ ဖြစ်ရင်တောင်၊ အပျော့ကို အမာက ဖယ်တာပဲ ဖြစ်ဖို့များတယ်။ တပ်တွင်းက အမာကို အပျော့က ဖယ်တာမျိုး ပါလီမန်ခေတ်နောက်ပိုင်းမှာ ဘယ်လိုမှ မကြုံခဲ့ဖူးဘူး။ အခုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သိပ်ပျော့ တယ်လို့ ဝေဖန်တဲ့ တပ်တွင်းအသိုင်းအဝိုင်းထုက အားကြီးနေတယ်။ တပ်တွင်းမှာ ခေါင်းဆောင်အပြောင်းအလဲ ဖြစ်ရင်တောင်မှ၊ အမာလိုင်း (hardliner) ပဲ ပိုဖြစ်ဖို့များတယ်။ ပျော့တဲ့ကောင် (soft-liner) က အမာကို ဖယ်နိုင်တာ မျိုး ဖြစ်နိုင်ချေ အတော်နည်းတယ်။
၁၄။ နောက်တစ်ခုက တပ်တွင်းပြိုကွဲမှု။ တပ်ရင်းအလိုက် တောခိုတယ်ဆိုတာမျိုး ပါလီမန်ခေတ်မှာသာ ကြုံခဲ့တာ။ ဗိုလ်နေဝင်းလက်ထက်မှာလည်း မရှိ။ ဗိုလ်သန်းရွှေလက်ထက်မှာလည်း မရှိ။ အခုလည်းဖြစ်နိုင်မယ် မထင်။ တစ်ဦးချင်း ပုန်ကန်တာမျိုး ရှိတယ်။ ဒါတောင် ပညာသည်တပ်က လာတဲ့လူသာ များတယ်။ ခြေလျင် ခြေမြန် တိုက်ခိုက်ရေးတပ်ရင်းက လာသူ ရှားတယ်။ အရာရှိအငယ်ပိုင်း(ဗိုလ်ကြီး၊ ဗိုလ်မှူး) အဆင့် ရှိပေမယ့် ထိပ်ပိုင်း ကတော့ ဘက်ပြောင်းလာဖို့ သိပ်မမျှော်လင့်နိုင်။ အထွေထွေ အချုပ်အနှောင်နဲ့ တုပ်နှောင်ထားခံရပြီးလို့ဖြစ်တယ်။ ငွေကြေး၊ လုပ်ပိုင်ခွင့်၊ အာဏာ၊ မိသားစု၊ ဝါဒဖြန့်ချိရေး၊ အထွေထွေ အကန့်အသတ်၊ အကြောက်တရား၊ ဟုတ်ယောင်ထင်မှု… စသည်ဖြင့် ရှိတယ်။ ဒါ့ကြောင့် တပ်ထိပ်ပိုင်းက လူတွေ ဦးဆောင်ပြီးတော့ တပ်ရင်းအလိုက် ဘက်ပြောင်းတာမျိုး လုံးဝ မဖြစ်နိုင်။ ယုန်ကလေး နှာစေးနေသလို နေရင်း၊ ကြုံသလို ကြည့်ကျက်လိုက်ပါနေအုံးမှာ ဖြစ်တယ်။
■ ဖြစ်နိုင်ချေ (၆)
၁၅။ ၂၀၂၃ ရွေးကောက်ပွဲ ကိစ္စဖြစ်တယ်။ မြန်မာစစ်တပ်ဟာ သူအရေးနိမ့်နေတယ်ဆိုရင်တောင်မှ၊ သူ နဂိုမူလ ချမှတ်ထားတဲ့ အာဂျင်ဒါအတိုင်း ဆက်လျှောက်မှာ ဖြစ်တယ်။ ရွေးကောက်ပွဲကို လုပ်လို့ ရသမျှ လုပ်ဖို့ ကြိုးစားလိမ့် မယ်။ သို့သော် ဒီဘက်ကလည်း ရွေးကောက်ပွဲကို ဖျက်နိုင်သမျှ ဖျက်ကြဖို့ များတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲဟာ ဖြစ်ခဲ့တယ်ဆိုရင်တောင် ပီပီပြင်ပြင် မဖြစ်။ အကန့်အသတ်နဲ့သာ ဖြစ်မယ်။ ရွေးကောက်ပွဲ လုံးဝ မဖြစ်ရင်၊ စစ်တပ်နဲ့ အာဏာရှင်စနစ်ကို ဆင်ခြေမပေးဘဲ မျက်နှာပြောင်တိုက် အုပ်ချုပ်လိမ့်မယ်။ ဒါကို စစ်အုပ်ချုပ်ရေးလို့ အစစ်အမှန် နာမည်တပ်နိုင်လိမ့်မယ်။ ဒီလို လုပ်ရတာလည်း ရွေးကောက်ပွဲကို ကဖျက်ယဖျက်လုပ်ကြလို့ဖြစ်တယ်လို့ အကြောင်းပြမယ်။ ရွေးကောက်ပွဲ ဖြစ်ရင်လည်း အချိုးကျကိုယ်စားပြုစနစ် (ပီအာ) နဲ့ ကျင်းပဖို့ ဖြစ်နိုင်မယ်။
၁၆။ အချိုးကျကိုယ်စားပြုစနစ် လုပ်နိုင်ရင်၊ အပြလှမယ်။ သို့သော် အာဏာကလားဖန်ထိုးလို့ သိပ်ကောင်းသွားပြီ။ လူမျိုးစုကိုယ်စားပြုမှု တချို့ကို ပေးဝင်ပြီး တရားဝင်မှု (legitimacy) ဖြစ်အောင် လုပ်လိမ့်မယ်။ ဖြစ်လာတဲ့ ရွေး ကောက်ပွဲကတော့ စစ်တပ်စပွန်ဆာနဲ့ လုပ်တဲ့ ရွေးကောက်ပွဲပဲဖြစ်မယ်။ ဒီမိုကရေစီ စစ်စစ်မှန်မှန် လုံးဝ မရနိုင်။ ရွေးကောက်ပွဲ ဒီမိုကရေစီအဆင့်မှာပဲ တစ်နေလိမ့်မယ်။ နိုင်ငံတကာကိုလည်း မြန်မာစစ်ခေါင်းဆောင်တွေက ဒါကို ပဲ ထုတ်ပြလိမ့်မယ်။ ၂၀၂၃ ရွေးကောက်ပွဲက အကန့်အသတ်ကြားထဲမှာ ဖြစ်မြောက်ခဲ့သည်ရှိသော်မှ၊ ၂၀၁၀ နောက်ပိုင်း ဖြစ်တည်တဲ့ စစ်ယူနီဖောင်းချွတ်အစိုးရ သမ္မတဦးသိန်းစိန်လက်ထက်ကလို နိုင်ငံရေး အခြေအနေမျိုး တော်ရုံနဲ့ မမျှော်လင့်နိုင်။ အဲသည်လိုမျိုး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ နိုင်ငံရေးဖြေလျော့မှုတွေလည်း စစ်စစ်မှန်မှန် ဖြစ်မလာနိုင်။
■ ဖြစ်နိုင်ချေ (၇)
၁၇။ ဖြစ်နိုင်ချေ နံပါတ် ခုနှစ်ကတော့ အသစ် မဟုတ်။ အဟောင်း ပြန်ဖြစ်တာမျိုး ကြုံနိုင်တယ်။ လွတ်လပ်ရေးရပေမယ့်၊ ပြည်တွင်းမှာ အကွဲအပြဲဖြစ်လို့ ပြည်တွင်းစစ် ပြန်စသလို ဖြစ်မယ်။ အမျိုးသားလွတ် မြောက်ရေးကြိုးပမ်းမှုကာလကတော့၊ ရန်သူ (အင်္ဂလိပ်ကိုလိုနီ) ကို တိုက်တာ။ လွတ်လပ်ရေးရပြီးတော့ ကိုယ့် အချင်းချင်း တိုက်တာ။ မြန်မာ့နွေဦးမှာလည်း နိုင်ငံရေးအရ မရင့်ကျက်ကြရင် အမှားဟောင်းကို ပြန်မှားနိုင်တယ်။ လူသစ်တွေက အမှားဟောင်းကို ပြန်လုပ်နိုင်တယ်။ ဒီတော့ နိုင်ငံရေးပဋိညာဉ်ကို ခိုင်မာအောင်လုပ်ပါလို့ တိုက်တွန်း နေတာ ဖြစ်တယ်။
၁၈။
• နံပါတ် (၁) နိုင်ငံရေးပဋိညာဉ် မခိုင်မာရင်
• နံပါတ် (၂) အမျိုးသားရင်ကြားစေ့ရေး မစစ်မှန်ရင်
• နံပါတ် (၃) အသီးသီးသော အမျိုးသားရေးအာဂျင်ဒါတွေကို ဆွဲမစုနိုင်ရင်
• နံပါတ် (၄) နိုင်ငံရေးခန္တီ မမြင့်မားရင်
• နံပါတ် (၅) နိုင်ငံရေးအမြင် သိမ်ဖျင်းရင်
• နံပါတ် (၆) လူမျိုးရေးပယောဂကို မကျော်နိုင်ရင်
တော်လှန်ရေးနိုင်ကောင်း နိုင်မယ်။ သို့သော်လည်း ပြည်တွင်းစစ်ထဲကို ပြန်ပြီး လည်ထွက်သွားမယ်။
အဲသည့်အခါ၊ မြေအုတ်တို့နေရာမှာ ကျောက်အုတ်တွေနဲ့လည်း အစားမထိုးနိုင်ဖြစ်မယ်။ နိုင်ငံတည်ဆောက်ရေး မအောင်မြင်ဘူး။ တိုင်းပြည်တည်ဆောက်ရေးလည်း မအောင်မြင်ဘူး။ စစ်ဘုရင်တွေ ကြီးစိုးတဲ့ ကိုယ့်ထီးကိုယ့်နန်း ကိုယ်ကြငှန်းနဲ့ အသီးသီးမင်းမူကြမယ်။ တော်လှန်ရေးအလွန်ကာလမှာ အာဏာခွဲဝေရေး အဝေအခြမ်းမတည့်ရင်၊ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရအကြား အားပြိုင်မှုဖြစ်ပြီး အဆိုးကျော့သံသရာထဲ ပြန်လည်ထွက်သွားနိုင်တယ်။ တော်လှန်ရေး အလွန်မှာ ကောင်းကောင်း မစေ့စပ်နိုင်ကြရင်၊ အဆိုးကြီးမဖြစ်သွားသေးရင်တောင်မှ အဆိုးလေးတွေနဲ့ တန့်နေတာ မျိုး၊ အလုပ်မဖြစ်တာမျိုးကြုံပြီး အငြိုးအတေးတွေ၊ အာဃာတတွေ၊ အနာဆွေးတွေနဲ့ စိတ်ဒဏ်ရာကိုယ်စီရပြီး သူတစ်လူ ငါတစ်မင်းနဲ့ ကသောင်းကနင်း ဖြစ်နိုင်နေသေးတယ်။ အချင်းချင်းအကြား ညှိတဲ့အခါ အခုထက် ပိုခက်နိုင် တယ်။ အဲသည့်အချိန်မှာ ဘုံရန်သူလည်း ပျောက်နေလောက်ပြီ။ သို့သော် အမြော်အမြင်နဲ့ သဘောထားကြီးမှုက ဒီအဖြေကို ပေးလိမ့်မယ်။
မင်းသေ့