“ဗိုလ်စောမောင်ထက်ဆိုးလေမလား”

မြန်မာနိုင်ငံရေးသမိုင်း၌ စစ်တပ်အာဏာသိမ်းခဲ့သောသုံးကြိမ်တွင်အာဏာသိမ်းစစ်ခေါင်းဆောင်လေးဦး‌ပေါ်ထွက်ခဲ့သည်၊ထိုသူများအနက် ဗိုလ်စောမောင်(၁၉၈၈)သည် ဒုတိယမြောက် စစ်ခေါင်းဆောင်ဖြစ်သည်၊ကျန်သူများမှာ နေဝင်း(၁၉၆၂)၊သန်းရွှေ(၁၉၉၂)နှင့် မင်းအောင်လှိုင် (၂၀၂၁) တို့ဖြစ်ကြသည်။

၁၉၈၈ ခုနှစ်၌ ဦးနေဝင်း၏ မဆလ အစိုးရကို တနိုင်ငံလုံးဆန့်ကျင်ဆန္ဒပြပွဲများ ဖြစ်ပွားနေစဉ်မှာ တပ်မတော်သည် ပြည်သူနှင့်အစိုးရကြားမှ သမာသမတ်ကျကျရပ်တည်ခြင်း (သို့) ပြည်သူများဘက်မှရပ်တည်ခြင်း၊ စသည်တို့ကိုရှောင်လွှဲကာ အုပ်ချုပ်သူအစိုးရဘက်မှ ရပ်တည်ကာ တိုင်းပြည်အာဏာကို သိမ်းယူခဲ့သည်။ ဦးနေဝင်း၏ဩဇာကို မလွန်ဆန်နိုင်၍ သူ၏စီမံခန့်ခွဲမှုအတိုင်း ပြုလုပ်ခဲ့ရခြင်းလည်းဖြစ်သည်။ထိုအာဏာသိမ်းမှုကို ခေါင်းဆောင်ခဲ့သူမှာ စစ်ခေါင်းဆောင်ဗိုလ်စောမောင်ပင်ဖြစ်သည်။

ဗိုလ်စောမောင် အာဏာယူထားစဉ်ကာလအတွင်း အကြီးမားဆုံး နိုင်ငံရေးလုပ်ဆောင်ချက်မှာ ရွေးကောက်ပွဲပြုလုပ်ပေးခြင်းဖြစ်သည်။စစ်တပ်၏ ကျောထောက်နောက်ခံပါတီဖြစ်သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ပြန်လည်အနိုင်ရရှိလိမ့်မယ်ဟု ယုံကြည်နေခြင်းနှင့် စစ်အာဏာသိမ်း De facto အစိုးရမှ တရားဝင် De jure အစိုးရဖြစ်ချင်သောကြောင့် ရွေးကောက်ပွဲကို တိုင်းသိ၊ပြည်သိ၊ကမ္ဘာသိကြေငြာပြီး လုပ်ပေးခဲ့သည်။ ထိုစဉ်က အမျိုးသားဒီမိုကရေစီပါတီ (NLD) နှင့် ပြည်သူများအကြား၌ ရွေးကောက်ပွဲကို သပိတ်မှောက်ရေးလမ်းစဉ်အားကောင်းခဲ့သော်လည်း နောက်ဆုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) သည် အခြေနေအရပ်ရပ်ကြောင့် စစ်အစိုးရ ကျင်းပပေးသည့် ၁၉၉၀ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ အားလုံးနီးပါးကို ဖမ်းဆီးအကျဉ်းချထားပြီး၊ မြေပေါ် ဒီမိုကရေစီအင်အားစုများ အားနည်းနေချိန်တွင် ကျင်းပသော ရွေးကောက်ပွဲ၌ မဆလပါတီသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) အဖြစ် အမည်ပြောင်းကာ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ ဗိုလ်စောမောင် စစ်အစိုးရမှလည်း တရားဝင်နည်းလမ်းများရော၊ တရားမဝင်နည်းလမ်းများပါ အသုံးပြုကာ တစညပါတီ ရွေးကောက်ပွဲအနိုင်ရရန် ကြိုးပမ်းခဲ့ကြသည်။

■ ဗိုလ်စောမောင်၏ဘဝနိဂုံး

စစ်ဗိုလ်ချုပ်ဟောင်းများ၊ စစ်တပ်နှင့်ပတ်သက်ဆက်နွယ် ထောက်ခံသူများဖြင့် မွမ်းမံဖွဲစည်းထားသော မဆလ တဖြစ်လဲ တစည ပါတီကအနိုင်ရလိမ့်မည်ဟု ယုံကြည်မှုရှိနေသော ဗိုလ်စောမောင်သည် ရွေးကောက်ပွဲအလွန်ကာလနှင့် သက်ဆိုင်သော နိုင်ငံ‌ရေးကတိစကားများကို တိုင်းပြည်နှင့် မီဒီယာများသို့ ကြိုတင်ပြောကြားခဲ့သည်။

“ရွေးကောက်ပွဲမှာ နိုင်အောင်လုပ်ကြပါ၊ ရွေးကောက်ပွဲပြီးရင် နိုင်တဲ့ပါတီကိုအာဏာလွှဲပြီး တပ်မတော်က စစ်တန်းလျားပြန်သွားမယ်” ဟုဆိုသောစကားများ၊ ပြီးနောက် “ဖွဲစည်းပုံအခြေခံဥပဒေလား ၊ ဒါက နိုင်တဲ့ပါတီက ဆွဲရမှာလေ၊ တပ်မတော်က မဆွဲပါဘူး၊ တပ်မတော်ကိုတရားခံမလုပ်ပါနဲ့” စတဲ့ နိုင်ငံရေးကတိစကားများကို တိုင်းသိ၊ပြည်သိ၊ကမ္ဘာသိ ပြောကြားထားခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲပြီးစီးသည့်အခါ ‌အမျိုးသားဒီမိုကရေစီအဖွဲချုပ်ပါတီ (NLD) သည် တနိုင်ငံလုံးအတိုင်းအတာဖြင့် သောင်ပြို၊ကမ်းပြိုအနိုင်ရရှိခဲ့သည်၊ စစ်တပ်အမာခံနယ်မြေများဖြစ်သော ကိုကိုးကျွန်း၊ မှော်ဘီ၊ မင်္ဂလာဒုံတို့လိုနယ်မြေများ၌ပင် NLD ပါတီအနိုင်ရခဲ့သည်။

ထိုသို့သောအခြေနေတွင် မှန်းချက်နှင့်နှမ်းထွက်မကိုက်ခဲ့သော စစ်တပ်သည် ဗိုလ်စောမောင်၏ နှုတ်လွန်ကတိစကားများကြောင့် နိုင်ငံရေး‌ချောင်ပိတ်မိသလို ဖြစ်သွား‌ခဲ့သည်၊ ထိုကြောင့် ဗိုလ်စောမောင်အား ကျန်းမာရေးအကြောင်းပြကာ တာဝန်မှအနားပေးလိုက်သည်။ထိုအချိန်မှစ၍ ဗိုလ်စောမောင်၏ ဘဝသည်လည်း သို့လော၊သို့လောထင်မြင်ယူဆချက်မျိုးစုံဖြင့် နိဂုံးချုပ်သွားခဲ့ရသည်။ ဗိုလ်စောမောင်ပြီးနောက်၊ ဗိုလ်သန်းရွှေမှ ဆက်လက်တာဝန်ယူကာ NLD ပါတီအား အာဏာမ‌ပေးရေး၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရေးနှင့် စစ်တပ်ကြီးစိုးထားနိုင်သော ဖွဲစည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတခု ပေါ်ပေါက်လာရေးအတွက် မဟာဗျူဟာများ ချမှတ်ဆောင်ရွက်ခဲ့ကြသည်။

■ ဗိုလ်သန်းရွှေ၏စွမ်းဆောင်ချက်များ

ဗိုလ်သန်းရွှေ၏ ဖိနှိပ်ခြင်း၊ ရက်စက်ခြင်း၊ ယုတ်မာခြင်း၊ ကောက်ကျစ်စဉ်းလဲခြင်း ၊ မက်လုံးပေးခြင်းစသည့် မီးစတဖက်၊ ရေမှုတ်တဖက် ဗျူဟာများကို ပြည်တွင်း၊ ပြည်ပတွင် ဟန်ချက်ညီညီ အသုံးချနိုင်ခဲ့ခြင်းဖြင့် ဗိုလ်သန်းရွှေသည် သက်တော်ရှည်စစ်ခေါင်းဆောင်အဖြစ်နိုင်ငံရေးအရှင်ထွက် ထွက်ပေါက်ကို ရှာ‌ဖွေနိုင်ခဲ့သည်။ သူ၏ကြိုးပမ်းချက်ဖြင့် စစ်တပ်က အမြဲတမ်းအသာစီးရနေမည့် ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေနှင့်အတူ တစညပါတီနေရာတွင် အစားထိုးရန်အတွက် ကြံဖွတ်ပါတီကို လူမှုရေးအသင်းအဖွဲ့ အမည်ခံကာ စတင်ဖွဲစည်းနိုင်ခဲ့သည်။

၂၀၀၈ ဖွဲစည်းအုပ်ချုပ်ပုံအခြေခံဥပဒေကြောင့် စစ်တပ်သည်
– ဥပဒေပြုရေး မဏ္ဏိုင်ဖြစ်သော လွှတ်တော်အသီးသီးတွင် ယှဉ်ပြိုင်စရာမလိုပဲ အမတ်ဦးရေ ၂၅% ခန့်နေရာရရှိနေခြင်း၊
– အုပ်ချုပ်ရေးမဏ္ဏိုင်တွင် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးဌာနများတွင် စစ်တပ်မှဝန်ကြီးနေရာများရနေခြင်း၊
– စစ်တပ်အား အရပ်ဘက် တရားရုံးများမှ တရားစီရင်ခွင့်မရခြင်းအားဖြင့် တရားရေးမဏ္ဏိုင်တွင်လည်း စစ်တပ်မှအခွင့်ထူးခံခွင့်ရနေခြင်း၊
– ကာ/လုံ ကဲ့သိုသောတိုင်းပြည်၏ ထိပ်ဆုံးအဖွဲအစည်းတွင် (၁၁) နေရာရှိသည့်အနက်၊ စစ်တပ်မှ (၆) နေရာယူထားခြင်း၊
– စစ်တပ်၏ အသုံးစရိတ်များအား မည်သည့်စာရင်းစစ်အဖွဲအစည်းကမှ စာရင်းစစ်ဆေးခွင့်မရခြင်း၊
– စစ်ခေါင်းဆောင်များအား နောက်ကြောင်းပြန် အရေးယူခွင့်မရှိစေရဆိုသည်အချက်ကို ဥပဒေအဖြစ်ပြဌာန်းပေးထားခြင်း၊
စသည့် အဓိကအချက်များအပြင် အခြားသော အခွင့်ထူးခံအခြေနေများကို ၂၀၀၈ ဖွဲစည်းပုံတွင် ထည့်သွင်းရေးဆွဲနိုင်ခဲ့သည်။

နောက်ထပ် အဓိကအချက်တချက်မှာ စစ်တပ်ကျောထောက်နောက်ခံပြုထားသော ကြံ/ဖွတ်ပါတီနှင့် မဟာမိတ်ပါတီများသည့် ရွေးကောက်ပွဲတွင် ၂၆% အနိုင်ရရှိယုံမျှဖြင့်စစ်တပ်ကိုယ်စားလှယ်၂၅% ဖြင့်ပေါင်းပြီး အာဏာရအစိုးရ ဖွဲစည်းနိူင်မည့် အခွင့်အရေးပင်ဖြစ်သည်။

နာဂစ်မုန်တိုင်းဒဏ်ကြောင့် သိန်းနဲ့ချီသော ပြည်သူများ သေဆုံးခဲ့ပြီး သန်းပေါင်းများစွာသော ပြည်သူများ အိုးအိမ်စည်းစိမ်များ ဆုံးရှုံးခဲ့ကြသည်။ တတိုင်းပြည်လုံး ပူဆွေးသောကရောက်နေချိန်၌ ထိုဖွဲစည်းပုံအခြေခံဥပဒေအား အတင်းတက်သုတ်ရိုက်၊ ဖိအားပေးပြီး အတည်ပြုစေခဲ့သည်။ ဤကဲ့သို ချည်ပြီးတုတ်ပြီးလုပ်ပြီးမှသာ၊ ဗိုလ်သန်းရွှေသည် ပြည်တွင်းပြည်ပသို့ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကြီးကျင်းပပေးမည်၊ မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်ဟုဆိုကာ နိုင်ငံရေးကစားကွက်ကို ခင်းကျင်းခဲ့ခြင်းဖြစ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲချုပ်အတွက် ဆုတ်လည်းဆူး၊ စားလည်းရူးဆိုသည့် နိုင်ငံရေး ချောင်ပိတ်မိသည့်အခြေအနေနှင့် ရင်ဆိုင်ခဲ့ရပြီး၊ နောက်ဆုံးတွင် ၂၀၀၈ ဖွဲစည်းပုံကို သဘောမတူသဖြင့် ရွေးကောက်ပွဲမဝင်သည့် လမ်းကြောင်းကို ရွေးချယ်ခဲ့သည်။ ထိုကြောင့် ကြံဖွတ်ပါတီသည် အဓိကအတိုက်အခံအင်အားစု ယှဉ်ပြိုင်ဖက်များမပါပဲ၊ ၂၀၁၀ ရွေးကောက်ပွဲတွင် တဦးတည်းပန်းဝင်အနိုင်ရရှိသွားခဲ့သည်။၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပေဒတခုနှင့်အတူ ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရစေရန် အခင်းအကျင်းများ ဖန်တီးပေးခဲ့သလို၊
မင်းအောင်လှိုင်ကိုလည်း ကာကွယ်ရေးဦးစီးချုပ် ခန့်အပ်ပေးခဲ့ပြီး ဗိုလ်သန်းရွှေသည် နိုင်ငံရေးဇာတ်ခုံ ကန့်လန့်ကာနောက်သို့ အရှင်ထွက် ဝင်ရောက်သွားခဲ့သည်။

■ ပြည်သူများ၏ကလဲ့စား

ဝေဖန်မှုများစွာဖြင့် ရွေးကောက်ပွဲအနိုင်ရခဲ့သော ကြံဖွတ်ပါတီသည် အစိုးရဖွဲ့စည်းခဲ့ပြီးနောက် နိုင်ငံရေး ဖြေလျော့မှုများပြုလုပ်ကာပြည်တွင်း၊ ပြည်ပထောက်ခံမှုများ ရရှိအောင် ကြိုးပမ်းခဲ့သည်။ ရွေးကောက်ပွဲသပိတ်မှောက်ခဲ့သောNLD ပါတီနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ကာ ရွေးကောက်ပွဲဝင်ပြီး၊ လွှတ်တော်အတွင်းမှ ဖွဲစည်းအုပ်ချုပ်ပုံအ‌ခြေခံဥပ‌ဒေအား ပြင်ဆင်ဖိုကြိုးပမ်းရန် ဆွဲဆောင်မှုများပြုလုပ်ခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံကို အခိုင်အမာရရှိထားပြီးဖြစ်သော ကြံဖွတ်အစိုးရအနေဖြင့် ပြည်တွင်းပြည်ပ တရားဝင်ဖြစ်မှုကို ပိုမိုခိုင်မာစွာရရှိစေရန်အတွက် NLD ပါတီနှင့် အခြားလူထုထောက်ခံမှုရှိသော ပါတီများ လက်ရှိနိုင်ငံရေးလမ်းကြောင်းတွင် ပါဝင်လာဖို့လိုအပ်သည်ကို ကောင်းစွာနားလည်ထားသည်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင်၊ အခြားနိုင်ငံရေး ခေါင်းဆောင်များကို ဖမ်းဆီးထားရာမှ ပြန်လည်လွှတ်ပေးခဲ့သည်။လက်နက်ကိုင် တိုင်းရင်းသားအဖွဲအစည်းများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ငြိမ်းချမ်ရေးနှင့် အပစ်အခတ်ရပ်ဆဲရေးဆိုင်ရာ လုပ်ငန်းစဉ်များအကောင်အထည်ဖော်ရန် ဆွေးနွေးခြင်းများ ပြုလုပ်ခြင်းဖြင့် မြေပေါ်၊ မြေအောက်နိုင်ငံရေး ဖြေလျော့မှုများပြုလုပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီအနေနှင့်လည်း နိုင်ငံရေးခရီးကြမ်းကို နှစ်ပေါင်းနှစ်ဆယ်ကျော် ဖြတ်သန်းခဲ့ရသည့်ပြည်သူပြည်သားများ၏ ခံနိုင်စွမ်းရည်များ၊ ပြည်တွင်းပြည်ပ အားပေးထောက်ခံမှုများ အပါအဝင် အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး ရွေးကောက်ပွဲများမှတဆင့် နိုင်ငံရေးအရွှေ့ကိုသွားရန် ဗျူဟာပြောင်းချမှတ်ခဲ့ကြသည်။

ထိုကြောင့်၂၀၁၂ တွင်ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ လစ်လပ်နေရာများ၏ ၉၀% ကျော်အနိုင်ရရှိခဲ့သည်။

၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေကို ခိုင်ခိုင်မာမာ ရထားပြီးယုံသာမက၊ ၂၆% နိုင်ယုံမျှဖြင့် အစိုးရဖွဲ့နိုင်သော အခွင့်အရေးရှိသောကြောင့်၊ ကြံဖွတ်အစိုးရသည်၊၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၏ ရှုံးနိမ့်မှုကို ပေါ့‌ပေါ့တန်တန်ပင် သဘောထားခဲ့ပုံရသည်။၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပသောအခါ၊ ၎င်းတို့ကျိန်းသေပေါက် မျှော်လင့်ထားသည့် ၂၆% အနိုင်မဲရလဒ်မရရှိပဲ၊ NLD ပါတီကအစိုးရဖွဲနိုင်သွားသည်အထိ ပြည်သူလူထု၏ နိုင်ငံရေး ကလဲ့စားချေမှုကို မရှုမလှခံခဲ့ရ‌တော့သည်။

ကြံဖွတ်အစိုးရသည် ရွေးကောက်ပွဲရှုံးနိမ့်ခြင်းဆိုသည့်ထက်၊ ၎င်းတိုမျှော်မှန်းတွက်ချက်ထားသည့် ၂၆% မရရှိခြင်းကို ပို၍ကျိတ်မနိုင်ခဲမရဖြစ်ခဲ့ကြသည်။ မည်သိုပင်ဆိုစေ ၎င်းတို့ဆုပ်ကိုင်ထားသော၂၀၀၈ ဖွဲစည်းပုံအ‌ခြေခံဥပဒေအရ NLD ပါတီလက်သို အာဏာလွဲပြောင်းပေးခဲ့ရသည်။

■ NLDအစိုးရရင်ဆိုင်ခဲ့ရသောအခက်အခဲများ

နှစ်ပေါင်းများစွာ အာဏာရှင်ယန္တရားဖြင့် ခေါက်ရိုးကျိုးခဲ့သော တိုင်းပြည်၏ ကဏ္ဏပေါင်းစုံကို ပြုပြင်ပြောင်းလဲရန်မှာ NLD အစိုးရအတွက်အကြီးမားဆုံးသော စိန်ခေါ်မှုများဖြစ်ခဲ့သည်။

နိုင်ငံရေးပြုပြင်ပြောင်းလဲရန်အတွက် ပြုလုပ်ခဲ့သော အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များသည် စစ်တပ်ကိုသာ မျက်နှာမူ၍ လုပ်ခဲ့သလိုဖြစ်ခဲ့ခြင်းကြောင့် တိုင်းရင်းသားများကို ကျောခိုင်းသလိုဖြစ်ခဲ့သည်ဟု တိုင်းရင်းသားများကြားတွင် နိုင်ငံရေးစိတ်ခံစားမှုများကိုဖြစ်ပေါ်စေခဲ့သည်။ ထို့အပြင် ချောင်းဆုံတံတားကိစ္စနှင့် ကယားပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ဗိုလ်ချုပ်ရုပ်တုကိစ္စရပ်များသည် NLD နှင့်တိုင်းရင်းသားများအကြား ဖြိုခွဲလိုသော အင်အားစုများအတွက် အခွင့်ရေးကောင်းတရပ်ကို ဖန်တီးပေးလိုက်သကဲ့သို့ ဖြစ်ခဲ့သည်။ ထိုကာလ NLD ၏ ဆုံးဖြတ်ချက်များသည် စစ်တပ်နှင့်ကြံဖွတ်အတွက် အကြိုက်တွေ့စေသည့် လုပ်ရပ်များဖြစ်ခဲ့သည်။ ထိုကြောင့် ၂၀၁၇
ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပသောအခါ NLD ပါတီ၏ အနိုင်ရရှိမှု ကျဆင်းသွားခဲ့သည်။ ဤညွှန်းဆိုပြအချက်အလက်များသည် ကြံဖွတ်ပါတီအနေနှင့်၂၀၂၀ တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင်၂၆% အနိုင်ရရှိနိုင်လိမ့်မည်ဆိုသေ ာခန့်မှန်းချက်များကို ပိုမို အားကောင်းသွားစေခဲ့သည်။ သို့သော် ၂၀၂၀ ရွေးကောက်ပွဲများ ကျင်းပသောအခါ မြန်မာပြည်သူပြည်သားများအနေနှင့် NLD အစိုးရ‌အပေါ် မနှစ်သက်သည့် အချက်အလက်တချို့ ရှိစေကာမူ၊ စစ်တပ်နှင့်ကြံဖွံအုပ်ချုပ်မှု‌အောက်ကိုတော့ ပြန်‌ရောက်သွားလို့ မဖြစ်ဘူးဆိုသည့် နိုင်ငံရေးဓိဌာန်ပြတ်သားမှုကို ပြသသည့်အနေနှင့် NLD ကို မဲပေးခြင်းဖြင့် နောက်တကြိမ်နိုင်ငံရေး ကလဲ့စားချေခဲ့ကြပြန်သည်။

■ ဘာမဆိုလုပ်ရဲတဲ့ မင်းအောင်လှိင်

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ မင်း‌အောင်လှိုင်၏ စစ်တပ်အာဏာသိမ်းမှုသည် နိုင်ငံရေး၊ သံတမန်ရေး၊ စစ်ရေး၊ စီးပွားရေး၊အစစအရာရာ ဘက်ပေါင်းစုံ အချိန်ယူတွက်ချက်ပြင်ဆင်ပြီးမှ ဆောင်ရွက်ခဲ့သော နိုင်ငံတော်ကြံစည်မှုကြီးပင်ဖြစ်သည်။ ရွေးကောက်ပွဲတွင်
ကြံဖွတ်ပါတီ ၂၆% အနိုင်မရရှိပါက၊ ပြုလုပ်ရမည့် အဓိက စီမံချက်ကိုရွေးကောက်ပွဲမတိုင်မီ မင်းအောင်လှိုင်က အင်တာဗျူးတခုတွင် “ဘာမဆိုလုပ်ရဲသည်” ဆိုသည့်စကားဖြင့် နှပ်ကြောင်းပေးထားခဲ့သည်။ အာဏာသိမ်းရန် အကြောင်းပြချက်ဖြစ်စေရန်အတွက် မဲစာရင်းကိစ္စများကို ပုံကြီးချဲ့ရမယ်ရှာခြင်းများ ပြုလုပ်ထားခဲ့သည်။ အကယ်၍ရွေးကောက်ပွဲ၌ ကြံဖွတ်ပါတီသာ၂၆% အနိုင်ရရှိခဲ့ပါက ထိုမဲစာရင်းကိစ္စများသည်အလိုအလျောက် ပျောက်ကွယ်သွားမည်သာဖြစ်သည်။

အာဏာသိမ်းရခြင်း၏အကြောင်းအရာများစွာထဲမှ အဓိကအကြောင်းအရာဟု သတ်မှတ်၍ရ‌သော အကြောင်းအရာများမှာ-
– စစ်တပ်၏၂၀၀၈ နတ်သုဒ္ဓါဖွဲစည်းပုံအခြေခံဥပဒေကြီးအား NLD အစိုးရနှင့်တိုင်းရင်းသားတိုမှ ပြင်ဆင်ရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းလာခြင်း၊
– မင်းအောင်လှိုင်အပါအဝင် စစ်ခေါင်းဆောင်များ၏ ပုဂ္ဂလိကအကျိုးစီးပွားများကို ထိခိုက်အောင်ပြုလုပ်လာနိုင်ခြင်းများသည်၊ မဖြစ်‌မနေအာဏာသိမ်းရခြင်း၏ အဓိကအကြောင်းအရာများဖြစ်ခဲ့သည်။

NLD အစိုးရအား နောက်ထပ် ၅ နှစ်သက်တမ်း အုပ်ချုပ်ခွင့်ပေးလိုက်ပါက ပင်လုံညီလာခံမှတဆင့် ၂၀၀၈ ဖွဲစည်းပုံအားပြင်ဆင်နိုင်မည့်အခွင့်အရေးများ ရရှိသွားမည်ကို စစ်တပ်‌ခေါင်းဆောင်များအနေနှင့် အထူးစိုးရိမ်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတ
မဖြစ်စေရန်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ပိတ်ဆိုတားဆီးခဲ့သော်လည်း လွှတ်‌တော်တွင် နိုင်ငံတော်အတိုင်ပင်ခံရာထူးကို အတည်ပြုကာ တိုင်းပြည်ကိုခေါင်းဆောင်သွားသောဖြစ်ရပ်မှာ စစ်တပ်အတွက်‌ လောလောလတ်လတ် အကြီးမားဆုံး သင်ခန်းစာဖြစ်ခဲ့သည်။

မင်းအောင်လှိုင်၏ အာဏာသိမ်းခြင်းဖြစ်စဉ်တွင် အဓိကရည်မှန်းချက်နှစ်ခုသာရှိခဲ့သည်ဟု ကောက်ချက်ချနိုင်သည်။ ယင်းတိုမှာ-
– NLD ပါတီ၏၂၀၂၀ ရွေးကောက်ပွဲရလဒ်အား ပျက်ပြယ်သွားစေရန်နှင့် နိုင်သူအကုန်ယူစနစ် (FPTP) ရွေးကောက်ပွဲစနစ်အစား အချိုးကျကိုယ်စားပြုခွင့် (PR) စနစ်အား အစားထိုးရန်ဆိုသည့် ရည်မှန်းချက်များသာဖြစ်သည်။

ကြံဖွတ်ပါတီအနေနှင့် ရွေးကောက်ပွဲတိုင်းတွင် အနိုင်အရှံးရလဒ်သည် အဓိကမဟုတ်ပဲ၊ သူတို့ပါတီနှင့် မဟာမိတ်ပါတီများမှ၂၆% ရရှိနိုင်ရေး
ကသာ အရေးကြီးသောအချက်ဖြစ်သည်။ သို့သော် ထို ၂၆% ကိုပင် မရနိုင်ခဲ့သော ကြံဖွတ်ပါတီအဖို့ အချိုးကျကိုယ်စားပြုခွင့် (PR) စနစ်သည်သူတို့၏ အဓိကရည်မှန်းချက်ဖြစ်လာသည်။

တနိုင်ငံလုံး မဲဆန္ဒနယ်မြေအားလုံးနီးပါးတွင် ကြံဖွတ်ပါတီအနေနှင့် ဒုတိယမဲအများဆုံး ရရှိခဲ့သောကြောင့်ထိုမဲများကို ကိုယ်စားလှယ်အဖြစ် ကိုယ်စားပြုနိုင်သော PR စနစ်သည်သာလျှင် ၎င်းတိုအတွက် သေရေး၊ ရှင်ရေးတမျှ အရေးကြီးလာခဲ့သည်။ ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေနှင့်အတူ အချိုးကျကိုယ်စားပြုခွင့် (PR) စနစ်သာရရှိလိုက်ပါက NLD ပါတီအနေဖြင့် တဦးတည်းလွတ်လွတ်လပ်လပ် အစိုးရဖွဲနိုင်ခွင့်အတွက် ပို၍ခက်ခဲသွားနိုင်မည်ဖြစ်သည်။ တကယ်တော့ ရွေးကောက်ပွဲများတွင် နိုင်သူအကုန်ယူစနစ် (FPTP) စနစ်ကိုကျင့်သုံးမည်ဟု စတင်သတ်မှတ်ခဲ့သူများမှာလည်း စစ်ခေါင်းဆောင်များသာဖြစ်သည်။ ထိုစနစ်ဖြင့် ကြံဖွတ်ပါတီ အနိုင်မရနိုင်မှန်း သဘောပေါက်သွားပြီးနောက်ရွေးကောက်ပွဲစနစ်ကို အစားထိုးနိုင်ရန်နှင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းနိုင်ရန်အတွက် အာဏာသိမ်းလိုက်ရခြင်းဖြစ်သည်ဟု ကောက်ချက်ချရမည်ဖြစ်သည်။

■ အလျော်အစားကြီးတဲ့ အာဏာသိမ်းပွဲ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အထိအခိုက်မခံနိုင်ပဲ အာဏာသိမ်းခဲ့ခြင်းဖြစ်သောကြောင့် မင်းအောင်လှိုင်အတွက် အဓိကအကြပ်အတည်းမှာ စိတ်တိုင်းကျ အချိန်ဆွဲခွင့်မရခြင်းဖြစ်သည်။

အခြေခံဥပဒေ၏ ပေးထားချက်ဖြစ်သော ကြားကာလ အာဏာလွှဲပြောင်းယူထားသော အဖွဲ့အစည်းအဖို့ နှစ်နှစ်သာအချိန်ရပြီး၊ နောက်ထပ်ရွေးကောက်ပွဲအသစ်ကို ကျင်းပပြုလုပ်ပေးရမည်ဖြစ်သည်။ သို့ပါ၍ မင်းအောင်လှိုင်အနေနှင့် ၂၀၂၃ တွင်ရွေးကောက်ပွဲကျင်းပပြုလုပ်ပေးပါမည်ဟု ပြည်တွင်းပြည်ပသို့ ကြေငြာပြီး ၎င်း၏အာဏာသိမ်းမှုကို တရားဝင်ဖြစ်အောင် ကြိုးပမ်းနေရခြင်းဖြစ်သည်။

သို့သော်လည်း ၂၀၂၁ အာဏာသိမ်းခြင်းသည်‌ အောက်တွင်ဖော်ပြထားသလို သေသေချာချာ တွက်ချက်ပြင်ဆင်ပြီးမှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးအရ –
NLDပါတီ အားရွေးကောက်ပွဲ မဲစာရင်းများ မသမာမှုများပြုလုပ်ထားသည်ဟု တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိ ပုံကြီးချဲ့ထားသည်။

သံတမန်ရေးအရ –
တရုတ်နိုင်ငံနှင့် ညှိနှိင်းတိုင်ပင်ထားယုံမက၊ အင်အားကြီး ရုရှားနိုင်ငံကိုပါ စည်းရုံးသိမ်းသွင်းထားနိုင်သည်။ အာဏာသိမ်းမှုအား အမေရိကန်အပါအဝင် အနောက်နိုင်ငံအင်အားစုများက အဓိကကန့်ကွက်မှာဖြစ်‌သော်လည်း ရွေးကောက်ပွဲအချိန်ဇယားများ၊ အာဏာလွဲပြောင်းရေးကိစ္စရပ်များကို တိတိကျကျချပြကြေငြာထားခြင်းဖြင့် အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံအင်အားစုများ၏ ဖိအားကိုကျော်လွှားနိုင်မည်ဟု တွက်ချက်ထားပုံရသည်။

စစ်ရေးအရ –
NCA လက်မှတ်ထိုးထားသေ ာEAOs အဖွဲ့ဆယ်ဖွဲ့အပြင် NCA လက်မှတ်မထိုးထားသော အခြားအင်အားကြီးအဖွဲ့များကိုလည်း နှစ်ဦးနှစ်ဘက်နားလည်မှုယူပြီး အပစ်အခတ်ရပ်စဲထားကြသောကြောင့် အာဏာသိမ်းမှုကို EAOs များဘက်မှ မနှစ်မြို့သည်တိုင် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ပြန်ဖြစ်လာစရာအကြောင်းမရှိဟု သုံးသပ်ထားပုံရသည်။ EAOs များကိုယ်တိုင် တိုက်ပွဲများပြန်လည်ဖြစ်ပွားလိုသော စိတ်ဆန္ဒမရှိသလို လက်နက်ခဲယမ်းများကအစ ကြီးမားသောတိုက်ပွဲများ ပြန်ဖြစ်ရန် အဆင်သင့်အနေထားတွင်မရှိဟု‌ သေချာစွာသုံးသပ်တွက်ချက်ထားပုံရသည်။

စီးပွားရေးအရ –
ဈေးကွက်စီးပွားရေးနှင့်အတူ အရပ်သားအစိုးရလက်ထက် စီးပွားရေးပြန်လည်ဦးမော့လာမှုများကြောင့် တိုင်းပြည်တွင် နိုင်ငံခြားအရံငွေကြေးများ အတန်အသင့်ရှိနေခြင်း၊ စီးပွားရေးလုပ်ငန်းများကို တရုတ်၊ အာဆီယံနိုင်ငံများနှင့် ဆက်လက်လုပ်ကိုင်နိုင်ခြင်းဖြင့်အာဏာသိမ်းကြားကာလကို ကျားကန်ထားနိုင်သည်ဟု တွက်ချက်စဉ်းစားထားပုံရသည်။

အထက်ပါ အရေးကြီးသော ကဏ္ဌများကို သေချာစွာတွက်ချက်ပြင်ဆင်ပြီးမှ ပြုလုပ်ခဲ့သော‌ကြောင့် အာဏာသိမ်းမှုသည် အဆင်ပြေချော‌မွေ့‌သော ပန်းခင်းလမ်းဖြစ်လိမ့်မည်ဟု မင်းအောင်လှိုင်နှင့်အပေါင်းအပါများ တွေးထင်ခဲ့ကြလိမ့်မည်။ သို့သော်၎င်းတို၏စိတ်ကူးအိမ်မက်များကို ပြောင်းပြန်ဇောက်ထိုး ဖြစ်သွားစေသော အကြောင်းတရားတခုမှာ ၎င်းတို့ကိုယ်တိုင် တွေးထင်ထားခဲ့ခြင်းမရှိသည့်တွက်ချက်မှုများတွင် မပါဝင်ခဲ့သည့် အကြောင်းအချက်တခုဖြစ်နေသည်။

ဤသည်ကား ပြည်သူများကိုယ်တိုင် လက်နက်စွဲကိုင်၍ ခုခံတော်လှန်သော လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ပြည်တွင်းပြည်ပ
ပြည်သူများကိုယ်တိုင် ညီညီညွတ်ညွတ် ရွေးချယ်လိုက်ကြခြင်းဖြစ်သည်။ လက်နက်ကိုင်ခုခံတော်လှန်ခြင်း နည်းလမ်းသည် ၁၉၈၈ ခုနှစ် စစ်အာဏာရှင်တော်လှန်ရေးနှင့် ၂၀၂၁ နွေဦးတော်လှန်ရေးတို့အကြား အဓိကကွာခြားချက်ပင်ဖြစ်သည်။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးတွင် ABSDF ကဲ့သို့သော ကျောင်းသား၊ လူငယ်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့သစ်များ ပေါ်ပေါက်ခဲ့သော်လည်း ယခု‌နွေဦးတော်လှန်ရေးကဲ့သို နိုင်ငံတဝှမ်းလုံး ထောက်ခံအားပေးပံပိုးမှုများ၊ ပြည်ပမှအင်ပြည့်အားပြည့် ထောက်ပံ့ကူညီမှုများ မရရှိခဲ့ပေ။ ထိုစဉ်အချိန်အခါက တတိုင်းပြည်လုံးတွင် ငြိမ်းချမ်းသောနည်းကို အ‌ခြေခံသော နိုင်ငံရေးအံတုမှုများဖြင့် တိုက်ပွဲဝင်သေ ာအယူအဆများက အားကောင်းခဲ့ခြင်းကြောင့် စစ်အာဏာရှင်အား (၁၉၈၈မှ၂၀၁၀ထိ) အုပ်ချုပ်ခွင့်ပေးခဲ့ရသည်။ နှစ်ပေါင်းနှစ်ဆယ်ကျော်မှသာ တမတ်သားစစ်တပ် ချယ်လှယ်ထားသော အရပ်သားအစိုးရတရပ်ကို ရခဲ့သည်။

စစ်တပ်၏ နိုင်ငံတော်အာဏာအား ထာဝရထိန်းချုပ်ရန် ရည်ရွယ်၍ ရေးဆွဲထားသော၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေတွင် နိုင်သူအကုန်ယူသော (FPTP) ရေွးကောက်ပွဲစနစ်မှာ ၎င်းတို့စီမံကိန်းကို ဟာကွက်၊ ပျော့ကွက်ဖြစ်‌စေခဲ့သလို၊ ယခုတကြိမ် သေချာပြင်ဆင်ဆောင်ရွက်ခဲ့သောနိုင်ငံတော်အာဏာသိမ်းယူမှုတွင်လည်း ပြည်သူများ၏ လက်နက်ဆွဲကိုင်ခုခံတော်လှန်ရေးသည် မင်းအောင်လှိုင် ထည့်မတွက်ခဲ့သော အချက်တခုဖြစ်ခဲ့သည်။ ယင်းအချက်ကပင် ပြည်သူကို ၎င်းတို့ကြီးကြီးမားမား ပြန်လည်ပေးဆပ်ရမည့် ပြစ်ဒဏ်‌ကြွေး တခုအဖြစ် မလွှဲမသွေရင်ဆိုင်ရတော့မည်ဖြစ်သည်။

■ ဗိုလ်သန်းရွှေ နှင့် ၂၀၀၈ ခြေ/ဥ

NLD ပါတီ၏၂၀၂၀ ရွေးကောက်ပွဲအနိုင်ရလဒ် ပျက်ပြယ်သွားရန်နှင့် PR ရွေးကောက်ပွဲစနစ် အစားထိုးရန် ရည်ရွယ်၍ ကြံစည်ပြုလုပ်ခဲ့သော မင်းအောင်လှိုင်၏ အာဏာသိမ်းမှုသည် ထင်တိုင်းမပေါက်ဖြစ်ခဲ့ရပြီး နိုင်ငံရေး၊ သံတမန်ရေး၊ စစ်ရေး၊ စီးပွားရေး စသည့်အရေးကြီးသည့် ကဏ္ဏအားလုံးတွင် အနုတ်လက္ခဏာနှင့် ရင်ဆိုင်နေရသည်။ အဆိုးဆုံးကိစ္စတခုကတော့ စစ်ရေးတွင် အရင်ကာလတ‌လျောက် အပစ်အခတ်ရပ်စဲရေးပြုလုပ်ထားနိုင်ခဲ့သော အင်အားကြီးတိုင်းရင်းသားလက်နက်အဖွဲအစည်းများနှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ယုံသာမက အညာမြေလတ်ဒေသမှ PDF အင်အားစုများ၊‌ ဒေသခံလက်နက်ကိုင်အင်အားစုများဖြင့် စစ်မျက်နှာအများအပြားကို ရင်ဆိုင်နေရခြင်းဖြစ်သည်။

စစ်တပ်အင်အားများ အကျအဆုံးများနေသလို တဖက်တွင်လည်း စစ်တပ်အင်အားသစ်များ စုဆောင်း၍ မရတော့ခြင်းက စစ်အာဏာရှင်
မင်းအောင်လှိုင်အတွက် အကြီးမားဆုံး ထိုးနှက်ခံရခြင်းပင်ဖြစ်နေသည်။

စစ်တပ်အတွင်း စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာသာမက အဘက်ဘက်က ယိုယွင်းပျက်ဆီး‌နေချိန် တဘက်မှ တိုင်းရင်သားလက်နက်ကိုင်အဖွဲအစည်းများနှင့် ပြည်နယ်၊ ပြည်မ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ၏ “စစ်အာဏာရှင် အမြစ်ဖြတ်ရေး၊ ၂၀၀၈ ခြေ/ဥဖျက်သိမ်းပြီး ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုသည့် ရည်မှန်းချက်များ၊ ယုံကြည်ချက်များက ပိုမိုအားကောင်းခိုင်မာနေပြီဖြစ်သည်။

နွေဦးတော်လှန်ရေး၏ အောင်မြင်မှုနှင့်အတူ စစ်အာဏာရှင်များကို အကာအကွယ်ပေးထားသော၂၀၀၈ ခြေ/ဥသည်လည်း မြေမြှုပ်သင်္ဂြိုလ်ခံရမည်ဖြစ်သောကြောင့် စစ်အာဏာရှင်များအဖို့ အိမ်မက်ဆိုးများ အစပျိုး‌နေချိန်ဟု မှန်းဆ၍ရနိုင်ပါသည်။ ခောတ်အဆက်ဆက် ပြည်သူများရရန် ရှိနေသည့် သမိုင်းအကြွေးများကို ပြန်တောင်းယူကြမှာဖြစ်သလို အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုသည့် ခေါင်းစဉ်အောက်တွင်ကွယ်ပျောက်နေခဲ့ရသည့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရှာဖွေရေးဆိုင်ရာ ကိစ္စရပ်များ မလွဲမသွေဖော်ဆောင်ရမည် ဖြစ်ပါသည်။ ခောတ်အဆက်ဆက် စစ်အာဏာရှင်များကို လွတ်ငြိမ်းခွင့်ပြုခဲ့ရခြင်းသည် လက်နက်ရှိလျှင် အချိန်မရွေးအာဏာသိမ်းလိုရသည်ဆိုသေ ာအတွေးအခေါ်ကို စစ်ခေါင်းဆောင်များ၏ ခေါင်းထဲသို့ ရိုက်သွင်းပေးသလိုဖြစ်နေသည်ဟု သုံးသပ်ကြသည်။

၂၀၂၁ အာဏာသိမ်းပွဲ၏ နံပတ်တစ်တရားခံမှာ မင်းအောင်လှိုင်နှင့် အပေါင်းအပါများဖြစ်သော်လည်း ၎င်းတိုနှင့်အတူ တရားခံအမှုတွဲနံပတ်နှစ် ဖြစ်လာမည့်သူမှာ ဗိုလ်သန်းရွှေပင်ဖြစ်လေသည်။ ပြည်သူများ ပြန်လည်တောင်းယူမည့် နိုင်ငံရေးအကြွေးများသည် ကွယ်လွန်သွားသည့်စစ်အာဏာရှင်တို့၏ မျိုးဆက်များအထိ အကျုံးဝင်‌နေမှာဖြစ်သလို အထူးသဖြင့် မင်းအောင်လှိုင်ကို အစွယ်တပ်ပေးလိုက်သည့် ဗိုလ်သန်းရွှေ၏အခန်းကဏ္ဏသည်လည်း ပြန်လည်အသက်ဝင်လာလိမ့်မည်ဖြစ်သည်။

မင်းအောင်လှိုင်၏ အာဏာသိမ်းယူမှုသည် နိုင်ငံတော်အာဏာအားစစ်တပ်မှ ကြီးစိုးချယ်လှယ်မှု ပိုမိုအားကောင်းခိုင်မာသွားသည့် ရလဒ်များထွက်ပေါ်လာခြင်းမရှိပဲ အရင်ရရှိပြီးသား အခွင့်အရေးများနှင့်အတူ ၂၀၀၈ ဖွဲစည်းပုံပါ ဆုံးရှုးသွားရမည်ဆိုပါက အဓိကထိခိုက်ခံစားရမည့်သူမှာ ဗိုလ်သန်းရွှေပင်ဖြစ်ပေလိမ့်မယ်။

၂၀၀၈ ဖွဲစည်းပုံနှင့်အတူ စစ်တပ်၏အာဏာဆုပ်ကိုင်မှု အားအကောင်းဆုံးအနေထားတွင် ထားရှိခဲ့ရာမှ မင်းအောင်လှိုင်၏ ညံဖျင်းမှုကြောင့်အားလုံးပြန်လည်လက်လွှတ်လိုက်ရတော့မှာ ဖြစ်သလို သူ၏ငြိမ်းချမ်းနေသော ဘဝ‌နေဝင်ချိန်ကိုပါ လာ‌ရောက်ရိုက်ခတ်တော့မည်ဖြစ်သည်။

■ ဗိုလ်စောမောင်ထက် ဇာတ်သိမ်းဆိုးမလား

မင်းအောင်လှိုင်၏ အာဏာသိမ်းမှု အောင်မြင်ခဲ့ပါက ဗိုလ်သန်းရွှေနှင့် စစ်ဗိုလ်ချုပ်ဟောင်းများ၏ အခြေအနေများမှာ ထူးထူးခြားခြားပြောင်းလဲသွားဖွယ်ရာ မရှိသော်လည်း အာဏာသိမ်းမှု မအောင်မြင်ခဲ့ပါက ဗိုလ်သန်းရွှေနှင့် စစ်ဗိုလ်ချုပ်ဟောင်းများ၏ အခြေအနေများမှာ လှုပ်ခတ်သွားနိုင်ပါသည်။

နောက်ကြောင်းပြန် အရေးမယူရဆိုသည့်အချက်ဖြင့် အကာအကွယ်ပေးထားသော၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေကို ပယ်ဖျက်ခြင်းခံရမည်ဖြစ်သောကြောင့် ဗိုလ်သန်းရွှေနှင့် အပေါင်းအပါများ၏ မဝေးသေးသောအတိတ်က ပြည်သူများအပေါ် ကျူးလွန်ခဲ့သော ဖြစ်ရပ်များသည်ဥပဒေ၏ရှေ့မှောက်ကို ပြန်လည်ရောက်ရှိဖို့ တောင်းဆိုမှုများရှိလာနိုင်ပါသည်။ အနည်းဆုံး ဗိုလ်နေဝင်း၏မျိုးဆက်များအပါအဝင် ဗိုလ်သန်းရွှေ၏မျိုးဆက်များ၏ တိုင်းပြည်မှ မတရားဂုတ်သွေးစုပ်ခဲ့သော စီးပွားရေးပိုင်ဆိုင်မှုများအား ဥပဒေအကြောင်းအရ စစ်ဆေးမှုများဖြစ်ပေါ်လာနိုင်သည်။

စနစ်တကျ စီမံဆောင်ရွက်ပြီး နိုင်ငံရေးမှ တရားဝင် အရှင်ထွက်နိုင်ခဲ့သော ဗိုလ်သန်းရွှေ၏ တည်ငြိမ်နေသောဘဝသည် မထင်မှတ်ပဲကံဆိုးမိုးမှောင်ကျသွားနိုင်သည်။ ယခုအချိန်တွင် ထိုသို့သောအခြေ‌နေတရပ်သည် ဖြစ်နိုင်သည် မဖြစ်နိုင်သည်ကို ပြတ်သားစွာ မပြောနိုင်သော်လည်း ဗိုလ်သန်းရွှေအပါအဝင် စစ်ဗိုလ်ချုပ်ဟောင်းများအတွက်‌တော့ ခေါင်းခဲစရာ‌၊ တွေးပူစရာအချိန်ကာလတခုဟု သတ်မှတ်၍ရနိုင်သည်။

ပြည်တွင်းပြည်ပအသီးသီးက မင်းအောင်လှိုင်၏ အာဏာသိမ်းမှုသည် တနှစ်‌ကျော် ကြာမြင့်လာသည်တိုင်‌အောင် တိုင်းပြည်ကိုထိန်းချုပ်၍မရနိုင်ပဲ အောင်မြင်ဖို့လမ်းစကိုလည်း ရှာဖွေ၍မရသေးဟုသုံးသပ်ကြသည်။

ထိုသို့သောအခြေနေတွင် ဗိုလ်သန်းရွှေသည် မင်းအောင်လှိုင်နှင့်အတူ ကျဆုံးမှုကိုခံယူမလား၊ သို့မဟုတ် မင်းအောင်လှိုင်ကို ထိုးကျွေးရန် နောက်ထပ်စစ်ခေါင်းဆောင်အုပ်စုတခုကို မွေးယူဖန်တီးမလားဆိုသည်မှာ စိတ်ဝင်စားစရာ အချက်တခုဖြစ်လာသည်။ မင်းအောင်လှိင်ကို အနားပေးခြင်း (သို့) ပြန်၍အာဏာသိမ်းခြင်းကိုပြုလုပ်မည့် စစ်အုပ်စုတခုဖန်တီးရန် ဗိုလ်သန်းရွှေတွင် ဩဇာအာဏာလက်ကျန်ရှိသေးသလားဆိုသည်မှာလည်း စိတ်ဝင်စားစရာပင်ဖြစ်သည်။ ထိုဩဇာအာဏာလက်ကျန်ရှိသေးသည်ဆိုလျှင် မင်းအောင်လှိုင်သည်လည်း ဗိုလ်စောမောင်ထက်ဆိုး‌သော နိုင်ငံ‌ရေးဇာတ်သိမ်းကို ရင်ဆိုင်ရမှာဖြစ်ပြီး စစ်အုပ်စုအချင်းချင်း ပြန်လည်နှိပ်ကွပ်သည့် အခင်းအကျင်းတခုကို မြင်တွေ့ရနိုင်သည်။ ပြည်သူ့ဘက်မှရပ်တည်ကာ အာဏာပြန်သိမ်းပေးသည့် ပုံစံမျိုးဖြင့် ဗိုလ်သန်းရွှေနှင့် စစ်ဗိုလ်ချုပ်ဟောင်းများ၏ အနာဂတ်လက်ကျန်ကို အာမခံသည့် အပေးအယူများ၊ ညှိနှိင်းမှုများ ဖြစ်ပေါ်လာနိုင်သည်။

မည်သိုပင်ဖြစ်စေ၊ နွေဦးတော်လှန်ရေးတွင် ပြည်သူများ၏ သွေးကြွေးသည် စစ်အာဏာရှင်များအပေါ်ထပ်၍ တင်ကျန်ခဲ့ပြန်သည်။ ထို့ကြောင့် “သွေးကြွေးမှာ ဆွေးနွေးစရာမရှိ” ဆိုသည့် နွေဦးတော်လှန်ရေး၏ ကြွေးကြော်သံနှင့်အတူ မင်းအောင်လှိုင်နှင့် အပေါင်းအပါများသည် သူတိုအချင်းချင်း၏ နှိပ်ကွပ်မှုကိုခံရမလား (သို့) ပြည်သူများ၏သွေးကြွေးစပ်မှုကို ခံရမလားဆိုသည်ကို ဆက်လက်စောင့်ကြည့်ရင်း-နွေဦးတော်လှန်ရေး မုချကျိန်းသေအောင်ရမည်။

နွေဦးနွေ