စစ်အုပ်စုက ဒေဝဂတိလူမှုရေးအဖွဲ့ဝင်တွေကို ဖမ်းဆီးထားပြီး အသင်းသားအသွင်ယူကာ လှုပ်ရှားနေတယ်လို့ဆို

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်မှာ အထင်ကရ ဒေဝဂတိ လူမှု့ကူညီရေးအသင်းရဲ့ အသင်းသားတွေကို ဖမ်းဆီးထားပြီး အသင်းသားတွေအဖြစ် စစ်အုပ်စုက အသွင်ယူကာ လှုပ်ရှားမှုတွေ လုပ်ဆောင်နေတယ်လို့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက ဒီကနေ့ မေလ ၂၇ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
စစ်အုပ်စုဟာ ဒေဝဂတိလူမှုကူညီရေးအသင်းရဲ့ အသင်းသား ၆ဦးကို ဖမ်းဆီးထားပြီး ကျန်ရှိတဲ့ အသင်းသားတွေ ရှောင်တိမ်းရပေမယ့် မုံရွာမြို့အပါအဝင် ဒေသအတွင်းမှာ ဒေဝဂတိလူမှုကူညီရေးအသင်း အမည်နဲ့ ဆက်လက်လှုပ်ရှားမှုတွေ ရှိနေခဲ့ပြီး အခုလို လှုပ်ရှားလုပ်ဆောင်နေတာဟာ စစ်အုပ်စုက အသွင်ယူထားသူတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။
မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက ဖော်ပြထားတဲ့ သတင်းထုတ်ချက်နဲ့ ပက်သက်ပြီး အတည်ပြုနိုင်ဖို့အတွက် DNAအနေနဲ့ ဒေဝဂတိလူမှုကူညီရေးအသင်းရဲ့ အရေးပေါ်ဆက်သွယ်ရေး ဖုန်းနံပါတ်တွေကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ စက်ပိတ်ထားတာကြောင့် မေးမြန်းခွင့် မရခဲ့ပါဘူး။
ဓာတ်ပုံ- ဒေဝဂတိလူမှုကူညီရေးအသင်း (ပုံအဟောင်း)