မင်းကင်းနဲ့ကနီကြား အကြမ်းဖက်စစ်တပ် ရောက်ရှိ၊ဒေသခံတွေ ရှောင်ရှားကြဖို့ သတိပေး

စစ်ကိုင်းတိုင်း၊ မင်းကင်းနဲ့ ကနီမြို့နယ်ကြားကို အကြမ်းဖက်စစ်တပ်တွေ စစ်ကြောင်းထိုးဝင်လာတာကြောင့် ဒေသခံတွေ ရှောင်ရှားကြဖို့ ကနီPDF က ဒီနေ့မနက်မှာ သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။
မင်းကင်းတောင်တွင်းဒေသကနေတက်လာတဲ့ စစ်ကား‌(၄)စီးနဲ့ ခြေလျင်တက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးအင်အား ၈၀ လောက်ဟာ မတ်လ၃၁ရက်နေ့ ညနေမှာ မုံရွာ-ယာကြီး- ကလေးဝလမ်းပိုင်း၊ မိုင်တိုင်အမှတ် (၆၇) ကို ရောက်ရှိကာ ညအိပ်ရပ်နားနေကြောင်း ကနီPDF(၂)က ထုတ်ပြန်ပါတယ်။
‘သူတို့ရည်ရွယ်ချက်ကို သဲသဲကွဲကွဲမသိရသေးပေမဲ့ ကျွန်တော်တို့အတွေ့အကြုံအရဆိုရင် ဒီလောက်အင်အား များများနဲ့လာတယ်ဆိုတာ ကျွန်တော်တို့ဒေသကိုဝင်မွှေဖို့ ပိုဖြစ်နိုင်တယ်’လို့ကနီPDF ရဲဘော်တစ်ဦးက မှတ် ချက်ပေးပါတယ်။
ရောက်ရှိလာတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ ပျူစောထီးတွေဟာ ကနီမြို့နယ်၊ မိုင်တိုင်အမှတ် (၅၈) လာပို့ရွာ‌အရှေ့မှာ အထိုင်ချနေတဲ့ တပ်ဆက်သွယ်ရေး Station ကုန်းကို ရိက္ခာပို့ဖို့ (သို့မဟုတ်) နယ်မြေစိုးမိုးမှုပြုလုပ်ဖို့အတွက်လာရောက်တာလို့ ယူဆရကြောင်းကနီPDF(၂) ကထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လွတ်‌မြောက်ရာကို ရှောင်ရှားနေကြဖို့နဲ့ ရပ်ဝေးခရီးသွားဧည့်တွေအနေနဲ့ လတ်တလောကာလအတွင်း လာရောက်ခြင်းမပြုကြဖို့ လည်း သတိပေးထားပါတယ်။