စဥ့်ကူးမြို့နယ် ရွှေပြည်ရဲကင်းအတိုက်ခံရပြီး စခန်းမှူးအပါအဝင် ၃ဦးသေ

မန္တလေးတိုင်း စဥ့်ကူးမြို့နယ် မန္တလေး-မိုးကုတ် ကားလမ်းပေါ်မှာရှိတဲ့ စစ်အုပ်စုရဲ့ ရွှေပြည်ရွာ ရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းမှူးအပါအဝင် အနည်းဆုံး ၃ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ မေလ ၂၀ရက်နေ့ မနက် ၁နာရီလောက်မှာ စစ်အုပ်စုရဲ့ ရွှေပြည်ရွာ ရဲကင်းစခန်းကို ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ စဥ့်ကူးမဟာမိတ်ညီနောင် တပ်ပေါင်းစုနဲ့ မတ္တရာ ပကဖတို့ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
“စဥ့်ကူး မဟာမိတ် ညီနောင် တပ်ပေါင်းစုရယ်၊ မတ္တရာ ပကဖ ရယ်၊ လင်းယုန်အဖွဲ့ရယ်၊ ကျွန်တော်တို့ စုပေါင်း တိုက်ခိုက်ခဲ့တာ၊ အကုန်လုံး အန္တရာယ်ကင်းကင်းနဲ့ ဆုတ်ခွာခဲ့တာ၊ သူတို့ကတော့ သုံးယောက်ထက် ပိုသေနိုင်တယ်ပေါ့၊ ခြောက်ယောက်ပေါ့၊ စခန်းထဲက သုံးယောက်ရယ်၊ မိုင်းကွဲတဲ့ သုံးယောက်ရယ်၊ အတည်ပြုလို့ မရသေးဘူး၊ စခန်းထဲမှာ ဖြစ်တဲ့ဟာ သုံးယောက်ပဲ အတည်ပြုလို့ရသေးတယ်၊ သူတို့က အကပ်မခံဘူး၊ ကျပြီး အဝင်အထွက်တွေ အကုန်လုံး ပိတ်တာဆိုတော့” လို့ စဥ့်ကူး မဟာမိတ်ညီနောင် တပ်ပေါင်းစု၊ ဥဒေါင်းမင်း တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ Mandalay Free Press မှာ ဖြေကြားထားပါတယ်။
တိုက်ပွဲဖြစ်ပွားချိန် မိနစ်၃၀တွင်း စခန်းမှူးအပါအဝင် ၃ဦးသေဆုံးခဲ့ပြီး ရွှေပြည်ရဲကင်းကို စစ်ကူလာတဲ့ စ်အုပ်စုရဲ့ ယာဉ်တန်းတစ်ခုကိုလည်းငွေတောင်ကျေးရွာအနီး တိုးဂိတ်မှာ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“မနက် (၃)နာရီခွဲလောက်မှာ သူတို့လာတယ်၊ မိုင်းသုံးလုံး ဆွဲတယ်၊ မအောင်မြင်လိုက်ဘူး။ သူတို့ မထိလိုက်ဘူးခဗျ၊ (၅)နာရီကျော်မှာ တစ်လုံးကွဲတာ၊ အဲ့ဒါ သုံးယောက်ထိတယ်၊ နှစ်ယောက်က နေရာမှာတင် ပွဲချင်းပြီးပဲ”လို့ ဥဒေါင်းမင်း တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
တိုက်ပွဲတွေအပြီးမှာ စစ်အုပ်စုက မန္တလေး-မတ္တရာကားလမ်းကို ပိတ်ဆို့ပြီး လမ်းသွားလမ်းလာတွေကို ရန်ပြုစစ်ဆေးတာတွေကိုပါ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Source- MFP