မင်းတပ်မြို့က စစ်အုပ်စုယာဉ်တန်း ကျောက်ထုဘက်ကို ပြန်ထွက်လာ

ဓာတ်ပုံ- HKL MINDAT
ချင်းပြည်နယ် မင်းတပ်မြို့မှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ၂၇၄ တပ်ရင်းအတွင်းမှာ စခန်းချရပ်နားထားတဲ့ စစ်အုပ်စုရဲ့ ကားအစီး ၆၀ကျော်နဲ့ သံချပ်ကာ ကား၂စီးပါဝင်တဲ့ ယာဉ်တန်းဟာ မင်းတပ်မြို့ကနေ ပြန်လည်ထွက်ခွာသွားတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ဒီကနေ့ မေလ ၂၀ရက်နေ့ မနက် ၁၀နာရီခန့်မှာ မင်းတပ်မြို့ကနေ စတင်ထွက်ခွာပြီး ယောနယ်ကို ဖြတ်သန်းပြီးနောက် ပခုက္ကူမြို့ဘက်ကို ဖြတ်သန်းသွားခဲ့တယ်လို့ သိရပါတယ်။
ဒီယာဉ်တန်းဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလတုန်းက ပခုက္ကူမြို့ကနေ မတူပီမြို့ကို ရိက္ခာနဲ့ လက်နက်ပစ္စည်းတွေ ထောက်ပံ့ဖို့အတွက် ထွက်လာခဲ့တာဖြစ်ပြီး မတူပီမြို့မှာ တစ်လနီးပါးရပ်နားထားတာပါ။
ဧပြီလ နောက်ဆုံးအပတ်အတွင်းမှာ မတူပီမြို့ကနေ မင်းတပ်မြို့ကို ပြန်လည်ထွက်ခွာလာပြီး လမ်းခရီးတစ်လျှောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ၁၈ရက်ကျော် ကြာမြင့်ခဲ့ပြီး လမ်းခရီးတလျှောက် သေဆုံးသူတွေလည်း များပြားခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။