မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက် အရပ်သားတွေရဲ့အသက်ကို ခြိမ်းခြောက်နေဆဲ

မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်အကြွင်းအကျန်တွေဟာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာရှိတဲ့ အရပ်သားတွေရဲ့ အသက်နဲ့ ဘဝလုံခြုံမှုတွေကို ဆက်လက်ခြိမ်းခြောက်နေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ကထုတ်ပြန်ပါတယ်။
ယူနီဆက်ရဲ့ နောက်ဆုံးအစီရင်ခံစာအရ ၂၀၂၂ ခုနှစ် ပထမသုံးလပတ်ကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းမြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့စစ်လက်နက်အကြွင်းအကျန်တွေကြောင့် အရပ်သားထိခိုက်ဒဏ်ရာရသူနဲ့သေဆုံးသူ စုစုပေါင်း ၁၀၀ ဦးရှိခဲ့ပြီးရှမ်းပြည်နယ်မှာ ၆၇ ဦးနဲ့အများဆုံးဖြစ်ကာ ကချင်ပြည်နယ်မှာ ၁၂ ဦးနဲ့ ရခိုင်ပြည်နယ်မှာ ၈ ဦးရှိခဲ့ပါတယ်။အဲ ဒီအထဲမှာ ကလေးငယ်ထိခိုက်သေဆုံးမှုဟာ သုံးပုံတစ်ပုံ (၃၇ ဦး) ရှိပါတယ်။
လွန်ခဲ့တဲ့ ရက်သတ္တပတ်နှစ်ပတ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုလေးကြိမ်ရှိခဲ့တယ်လို့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒေသခံသတင်းအရင်းအမြစ်တွေက ပြောကြောင်း UNOCHA ကဖော်ပြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ကျောက်မဲမြို့နယ် ပန်လင်းကျေးရွာက အသက် ၁၃ နှစ်သားတစ်ဦးဟာ မေလ ၅ ရက်နေ့က လက်ဖက်ခြံကနေ အိမ်အပြန်မှာ မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရခဲ့ပါတယ်။
နမ္မတူမြို့နယ် ၊နားပိန်းကျေးရွာက အသက် ၂၆ နှစ်အရွယ်အမျိုးသားဟာလည်း မေလ ၉ ရက်နေ့က စိုက်ပျိုးခြံကနေအိမ်အပြန်လမ်းမှာ မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရခဲ့ပါတယ်။
အလားတူပဲ ရခိုင်ပြည်နယ် အမ်းမြို့နယ် ၊ဒါးလက်ကျေးရွာက အသက် ၃၀ နှစ်အရွယ်အမျိုးသားနဲ့ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာက အသက် ၆၈ နှစ်အရွယ်အမျိုးသားတို့ဟာ မေလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ မြေမြှုပ်မိုင်းထိပြီး အသက်သေဆုံးခဲ့ကြတယ်လို့ UNOCHA ဖော်ပြပါတယ်။