NLD ပါတီဝင်၂၀၀ ကျော်ရဲ့ နေအိမ်နဲ့ တခြားပိုင်ဆိုင်မှုတွေ ချိပ်ပိတ်ခံထားရ

NLD ပါတီဝင် ၂၀၀ ကျော်ရဲ့ နေအိမ်နဲ့တခြားပိုင်ဆိုင်မှုတွေ ချိပ်ပိတ်ခံထားရတယ်လို့ သိရပါတယ်။
NLD လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ မှတ်တမ်းကောက်ယူရေးအဖွဲ့က ပြုစုထားတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၂ မေ ၅ ရက်နေ့အထိ စာရင်းအရ နေအိမ်နဲ့တခြားပိုင်ဆိုင်မှု ချိပ်ပိတ်ခံထားရသူ NLD ပါတီဝင် ၂၀၉ ဦးရှိပြီး အဲဒီအထဲက လူ ၁၂၀ ဟာ လွှတ်တော်အမတ်တွေဖြစ်ကြပါတယ်။ ဒါ့အပြင် ပါတီဝင်မဟုတ်တဲ့ ပြည်သူ ၁၄၂ ဦးတို့ရဲ့ နေအိမ်နဲ့ တခြားပိုင်ဆိုင်မှုတွေလည်း ချိပ်ပိတ်ခံထားရကြောင်း NLD ဗဟိုအလုပ် ကော်မတီက ထုတ်ပြန်ပါတယ်။
အဲဒီလို ချိပ်ပိတ်တာတွေဟာ သက်ဆိုင်ရာ တရားရုံးတွေက အပြီးသတ် အမိန့်မချသေးဘဲ တရားစွဲဆိုထားဆဲ အချိန်မှာ ပြုလုပ်တာ ဖြစ်ပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့က NLD ဗဟိုဌာနချုပ်ရုံး အပါအဝင် တိုင်းနဲ့ပြည်နယ်တွေက တိုင်း၊ ခရိုင်၊ မြို့နယ်နဲ့ ရပ်ကျေး ပါတီရုံးတွေထဲ စုစုပေါင်း ၁၀၄ ကြိမ် ကျူးကျော်ဝင်ရောက် အကြမ်းဖက်မီးရှို့ ဖျက်ဆီးခြင်းခံခဲ့ရပြီး စစ်တပ်က ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ ညအချိန်တွေမှာ အများဆုံး ဖြစ်ပွားခဲ့တာပါ။
မန္တလေးတိုင်းအတွင်းရှိ ၂၀၂၀ ရွေးကောက်ခံအမတ်တစ်ဦးက ‘နေဝင်းလက်ထက်ရော သန်းရွှေလက်ထက်မှာပါ မလုပ်ခဲ့ဖူးတဲ့ အကြမ်းဖက်မှုမျိုးစုံကို မင်းအောင်လှိုင် ကျူးလွန်နေတာ’ လို့ ဆိုပါတယ်။
လက်ရှိမှာ NLD ဥက္ကဌ၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယဥက္ကဌတွေဖြစ်တဲ့ သမ္မတဦးဝင်းမြင့်၊မန္တလေးတိုင်း ဝန်ကြီးချုပ်‌ ‌ဒေါက်တာဇော်မြင့်မောင်အပါအဝင် NLD ပါတီဝင် ၇၀၁ ဦး ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။
ဖမ်းဆီးခံထားရစဉ် စစ်ကြောရေးကာလ ညှင်းပန်းနှိပ်စက်မှုနဲ့ ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု မလုံလောက်တာကြောင့် လွှတ်တော်အမတ်တစ်ဦး အပါအဝင် စုစုပေါင်းပါတီဝင် ၁၈ ဦး ကျဆုံးခဲ့ပါတယ်။