BGFတပ်သားတွေအတွက် တစ်အိမ်ကို ဘတ်၅၀၀ ဆက်ကြေးတောင်းနေ

ရှေ့တန်းထွက်နေရတဲ့ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ နယ်ခြားစောင့်တပ် BGF တပ်သားတွေအတွက်ဆိုပြီး ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်ကျေးရွာမှာ အိမ်ထောင်စုတစ်စုကို ထိုင်းဘတ်ငွေ ၅၀၀ကျပ်ပေးဆောင်ဖို့အတွက် ဆက်ကြေးတောင်းခံနေတယ်လို့ KICသတင်းဌာနမှာ ဖော်ပြထားပါတယ်။
မေလ ၇ရက်နေ့မှာ ရွှေကုက္ကိုလ်ကျေးရွာအုပ်စုမှာရှိတဲ့ ကျေးရွာတာဝန်ရှိသူတွေကို BGFတပ်ဖွဲ့က အစည်းအဝေးခေါ်ယူပြီး အခုလို တောင်းခံခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သူတို့ပြောတာက တစ်အိမ် ၅၀၀(ဘတ်) ထည့်ရမယ်ပေါ့။ ဘာဖြစ်လဲဆိုရင် စစ်သားဖြစ်တဲ့လူတွေကို အနောက်ဘက်က ထောက်ပံ့ပေးသလိုပေါ့။ အခုကောက်နေပြီးဆိုတော့ ပိုက်ဆံစ ထည့်ရပြီးပေါ့။ ရွာမှာ စစ်သားအသစ်ကောက်ခံတာတွေတော့ မရှိသေးပါဘူး။ ”လို့ ဒေသခံတစ်ဦးက KICသတင်းဌာနမှာ ဖြေကြားထားပါတယ်။
ငွေကောက်ခံနေတဲ့ ကျေးရွာတွေဟာ သဲပုံ၊ ဝမ်းခါဟောင်း၊ ချောင်းဆုံ၊ မယ်ပီ၊ ထီးလော်သေနဲ့ BGFတပ်ဖွဲ့ဝင်တွေ နယ်မြေစိုးမိုးထားတဲ့ ကျေးရွာတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် BGFတပ်ဖွဲ့ဝင်တွေဟာ နယ်မြေခံပြည်သူတွေကို ဖမ်းဆီးပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ရေးမှာ အသုံးပြုဖို့ ပေါ်တာအဖြစ် ပေးပို့တာတွေ လုပ်ဆောင်နေကြောင်း ဒေသတွင်း သတင်းဖော်ပြချက်တွေအရသိရပါတယ်။
Source- KIC