CRPH ကို မြန်မာကိုယ်စားပြုအဖြစ် ဆက်လက်ထားရှိဖို့ နိုင်ငံတကာပါလီမန်များအဖွဲ့ ဆုံးဖြတ်

ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို မြန်မာနိုင်ငံကိုယ်စားပြုအဖွဲ့အဖြစ် ဆက်လက်ထားရှိမယ်လို့ ၂၀၉ ကြိမ်မြောက် နိုင်ငံတကာ ပါလီမန်များအဖွဲ့ က ဆုံးဖြတ်ခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်တဲ့ ၂၀၉ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့ အုပ်ချုပ်မှု ကောင်စီက ဆုံးဖြတ်ခဲ့တာပါ။
ဒါ့အပြင် CRPH ကို မြန်မာနိုင်ငံမှာ ပီပြင်တဲ့လွှတ်တော်တစ်ရပ် ပေါ်ပေါက်တဲ့ အချိန်အထိ နိုင်ငံတကာ ပါလီမန်များအဖွဲ့ (IPU) မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖွဲ့အစည်းအဖြစ် ဆက်လက်ထားရှိပြီး IPU အစည်းအဝေးတွေမှာ မဲပေးခွင့်မပြုတဲ့ လေ့လာသူအဖြစ် တက်ရောက်နိုင်တယ်လို့လည်းဆုံးဖြတ်ခဲ့ကြပါတယ်။
IPU အနေနဲ့ မြန်မာလွှတ်တော်အမတ်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုနဲ့ မြန်မာ့နိုင်ငံရေးသိမြင်မှုကို ပိုမိုမြှင့်တင်နိုင်ဖို့ စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ IPU အထွေထွေ အတွင်းရေးမှူးချုပ် မာတင်ချောင်ဂေါင်က CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ထံ စာရေးသားပေးပို့ရာမှာ ဖော်ပြထားပါတယ်။
IPU ရဲ့ အစည်းအဝေးတွေကို မြန်မာလွှတ်တော်ကိုယ်စား လှယ်အဖွဲ့အနေနဲ့ လူကိုယ်တိုင် ပါဝင်တက်ရောက်နိုင်ရေးစီစဉ်နေတယ်လို့လည်း PVTV က ဖော်ပြပါတယ်။