မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကူညီသွားမယ်လို့ အင်ဒိုအောက်လွှတ်တော် ပြော

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကူညီသွားမယ်လို့ အင်ဒိုနီးရှားအောက်လွှတ်တော်၊ နိုင်ငံတကာပါလီမန်များ ပူးပေါင်းဆောင်ရွက်မှု ကော်မတီက ပြောကြားလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၈ ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အင်ဒိုနီးရှားအောက်လွှတ်တော်၊ နိုင်ငံတကာပါလီမန်များ ပူးပေါင်းဆောင်ရွက်မှုကော်မတီ (BKSAP DPR RI) တို့ “မြန်မာ့ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး အပေါ် နောက်ဆုံးအခြေအနေများ ဆွေးနွေးခြင်း” ခေါင်းစဉ်နဲ့ တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့တာပါ။
အဲဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံတွင်းအခြေအနေ၊ ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း နဲ့လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်၊ CRPH နဲ့အင်ဒိုနီးရှားအောက်လွှတ်တော်၊ နိုင်ငံတကာပါလီမန်များပူးပေါင်းဆောင်ရွက်မှုကော်မတီ (BKSAP DPR RI) တို့အကြား ဆက်လက်ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ CRPH ကထုတ်ပြန်ထားပါတယ်။
အခုလိုအင်ဒိုနီးရှားအောက်လွှတ်တော်နဲ့ တွေ့ဆုံမှုဟာ အာဆီယံနိုင်ငံတွေထဲ ပထမဆုံးတွေ့ဆုံခြင်းဖြစ်တယ်လို့ CRPH နဲ့နီးစပ်တဲ့ NLDလွှတ်တော်အမတ်တစ်ဦးကပြောပါတယ်။
‘အခုအင်ဒိုနဲ့တွေ့တာ အာဆီယံနိုင်ငံတွေရဲ့ လွှတ်တော်တွေထဲ ဒါ ပထမဆုံးပါပဲ။နောက်ထပ်လည်း အာဆီယံ နိုင်ငံတွေထဲက လွှတ်တော်တွေနဲ့ ထပ်တွေ့ဖို့ရှိတယ်လို့လည်း ကြားတယ်’လို့သူကပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး သင်ခန်းစာတွေကို အခြေခံကာ မြန်မာပြည်သူတွေက ရွေးကောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပံ့ပိုးကူညီသွားမယ်လို့ ပြောကြောင်းလည်း သိရပါတယ်။