အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်မှုဟာ အာဏာရှင် အစဉ်အဆက် လုပ်ဆောင်ခဲ့တဲ့ အယောင်ပြ ငြိမ်းချမ်းရေးသာ ဖြစ်လာမယ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCBရဲ့ သဘောထား ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဧပြီလ ၂၂ရက်နေ့မှာ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးလိုတယ်လို့ စစ်အုပ်စုရဲ့ ဝါဒဖြန် ရုပ်သံနဲ့ သတင်းဌာနတွေကနေ ပြောကြားခဲ့တဲ့အပေါ်မှာ GSCBက သဘောထားကြေချက်တစ်ခုထုတ်ပြန်ခဲ့ပြီး အခုလို ထည့်သွင်းဖော်ပြခဲ့တာပါ။
စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်တာဟာ အာဏာရှင်အစဉ်အဆက် ပုံဖော်ခဲ့တဲ့ အယောင်ပြငြိမ်းချမ်းရေးဖြစ်ပြီး ပြည်သူလူထု တစ်ရပ်လုံးမျှော်လင့်တဲ့ ငြိမ်းချမ်းသာယာတဲ့ အနာဂတ်နိုင်ငံတော်ဟာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အားလုံး ကင်းမဲ့တဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးတွေကို အပြည့်အဝအာမခံရှိတဲ့ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်သာ ဖြစ်တယ်လို့ GSCBက ဆိုပါတယ်။
ငြိမ်းချမ်းတဲ့ နိုင်ငံတော်ဖြစ်လာနိုင်ဖို့အတွက် နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍမပါဝင်ရေး အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု ဖော်ဆောင်ရေးနဲ့ ပါဝင်သင့် ပါဝင်ထိုက်တဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေနဲ့ နိုင်ငံတကာပါဝင်ပက်သက်နိုင်ရေးကို ကိုင်ဆွဲပြီး ဆက်လက်တော်လှန်တိုက်ပွဲဝင်သွားကြဖို့ကိုလည်း GSCBက တိုက်တွန်းထားပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းခဲ့တဲ့ အဖွဲ့အစည်းတွေဟာ တော်လှန်ရေးအတွေ့အကြုံ ပြည့်ဝသူတွေဖြစ်တာကြောင့် သမိုင်းသင်ခန်းစာတွေနဲ့ လက်ရှိအခြေအနေကိုပါ ချိန်ထိုးပြီး အကောင်းဆုံးတုံ့ပြန်သွားမယ်ဆိုတာကိုလည်း မျှော်လင့်ထားတယ်လို့ GSCBက ဆိုပါတယ်။