ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ဆုတောင်းလှုပ်ရှားမှုဆင်နွှဲကြဖို့ GSCB လှုံ့ဆော်

ဇွန်လ၁၉ရက်နေ့၊ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ တစ်နိုင်ငံလုံးလွတ်မြောက်ရေးဆုတောင်းလှုပ်ရှားမှု ဆင်နွှဲကြဖို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)က လှုံ့ဆော်လိုက်ပါတယ်။
ဇွန်လ ၁၉ရက်နေ့ မှာ တစ်နိုင်ငံလုံးက ဘာသာပေါင်းစုံ လူထုကြီးဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းတွေအတွက်၊သေဒဏ်ချမှတ်ခံရတဲ့ ရဲဘော်တွေအတွက်၊ အခုချိန်ထိ ဘက်ပေါင်းစုံကနေ တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်အပေါင်းတို့အတွက်နဲ့ တိုင်းပြည်ကြီးအတွက်ကိုယ်မြို့ကိုယ်ရွာမှာရှိကြတဲ့ တန်ခိုးကြီးဘုရားတွေ၊ ဘုရားကျောင်းတွေ၊ ဗလီတွေ စတဲ့ ဝတ်ပြုဆုတောင်းရာ နေရာအသီးသီးကို သွားရောက်ပြီး ဆုတောင်းကြပါလို့ GSCB က နှိုးဆော်ပါတယ်။
‘လာမယ့် ၁၉ ရက်နေ့ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထောင်နဲ့ချီသော နိုင်ငံရေးအကျဉ်းသားတွေကို အယုတ်တမာ စစ်ခွေးတပ်က အကြမ်းဖက်ဖမ်းဆီး အကျဉ်းချ နှိပ်စက်နေပါတယ်။
တိုက်ပွဲဝင်ခေါင်းဆောင်တွေဖြစ်တဲ့ ကိုဂျင်မီ၊ ကိုဇေယျာသော်တို့အပါအဝင် အကျဉ်းသား ၁၀၀ ကျော်တို့ရဲ့ အသက်ကို အကြမ်းဖက် စစ်ခွေးခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့ တရားဝင်မှုအတွက် အလျော်အစားလုပ်ဖို့ ကြိုးစားနေပါတယ်။ ဘယ်လောက်တောင် အောက်တန်းကျတဲ့ လုပ်ရပ်တွေပါလဲ။စစ်ကောင်စီဟာ လူထုကြီးတရပ်လုံးကို လျှော့တွက်လွန်းနေပါတယ်။ သူတို့ထိန်းချုပ်လို့ရပြီလို့ ထင်နေပါတယ်။ အမှန်စင်စစ် လူထုဆီက အသိအမှတ်ပြုမှုတောင် ဒီအကြမ်းဖက်စစ်တပ် ရမနေပါဘူး။ ယုတ်မာကောက်ကျစ်တဲ့ အာဏာရှင် အကြမ်းဖက်စစ်အုပ်စုကို လာမယ့် (၁၉)ရက်နေ့၊ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ အာဏာရှင်ကို တော်လှန်နေကြတဲ့ လူထုအပေါင်းတို့ရဲ့ သွေးအေးမနေဘူး။ သွေးကွဲမနေဘူး။ သွေးကြောင်မနေဘူးဆိုတာ ထပ်မံပြသလိုက်ကြရအောင်ပါ’လို့ GSCB ကဆိုပါတယ်။
‘လူထုရဲ့ မကြောက်တရားနဲ့ လွတ်လပ်ရေးတိုက်ပွဲအတွက် ခရီးဆက်ကြ’၊‘အာဏာရှင်ကို ငါတို့မျိုးဆက်မှာ အမြစ်ဖြတ်တော်လှန်မယ်’ လို့လည်း GSCB က ကြွေးကြော်ထားပါတယ်။
ဇွန်လ၁၉ရက်နေ့ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၇နှစ် မြောက်မွေးနေ့ဖြစ်ပါတယ်။