စစ်အုပ်စုရဲ့ လက်နက်ကြီးကျည်ကြောင့် ကလေးငယ်တစ်ဦး ဒဏ်ရာရ

မူတြော်ခရိုင် ဒွယ်လိုးမြို့နယ် မထောကျေးရွာအုပ်စု စောခလီးကျေးရွာကို အကြမ်းဖက်စစ်အုပ်စုရဲ့ မထောအခြေစိုက် စကခ (၈) လက်အောက်ခံ ခမရ ၄၀၈က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အသက် ၈နှစ်အရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မနေ့က ဧပြီလ ၂၃ရက်နေ့ ညနေ ၄နာရီခွဲလောက်မှာ အကြမ်းဖက်စစ်အုပ်စုက စောခလီးလိုကျေးရွာအတွင်းကို ၈၁မမ အမြောက်စိန်ပြောင်း ၄လုံးကို အကြောင်းမဲ့ ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းမှာရှိတဲ့ စောအောင်မင်း အသက်(၈)နှစ်အနီး ကျရောက်ပေါက်ကွဲပြီး ဘယ်ဘက်လက်ဆစ်ကို ဗုံးဆံထိမှန်ခဲ့တာလို့ သိရပါတယ်။
ပစ်ခတ်မှုမတိုင်မှီမှာ အကြမ်းစစ်အုပ်စုက ကျေးရွာအတွင်းကို ကင်းထောက်ဒရုန်းတွေ အကြိမ်ကြိမ်စေလွှတ်ထောက်လှမ်းပြီးနောက် အပြစ်မဲ့ပြည်သူတွေကိုပါ မချန်လူသူအရိပ်တွေ့ရှိတဲ့နေရာတွေကို ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၂ခုနှစ် နှစ်ဆန်းပိုင်းက စတင်ပြီး အကြမ်းဖက်စစ်အုပ်စုနဲ့ သူတို့လက်အောက်ခံ BGFတွေဟာ အပြစ်မဲ့ပြည်သူတွေ သွားလာနေထိုင်ရာ ကျေးရွာတွေနဲ့ လယ်ယာခြံမြေလုပ်ငန်းခွင်တွေအတွင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ မူတြော်သတင်းစဉ်က ဖော်ပြထားပါတယ်။