စစ်အုပ်စုတပ်စွဲခဲ့တဲ့ ကျေးရွာတွေမှာ နင်းမိုင်းအမြောက်အများ ထောင်ထားခဲ့တယ်လို့ DMO PDFထုတ်ပြန်

ကယားပြည်နယ်(ကရင်နီ) စစ်ဇုန်နေရာအချို့ကို ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နယ်မြေရှင်းလင်းနေပြီး ကျေးရွာတွေအတွင်းမှာ စစ်အုပ်စုက ထောင်ထားခဲ့တဲ့ နင်းမိုင်းအမြောက်အများ တွေ့ရှိရတယ်လို့ ဒီးမော့ဆို PDFက ဒီကနေ့ ဧပြီလ ၂၄ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
စစ်အုပ်စုတပ်စွဲစခန်းချခဲ့တဲ့ စစ်ဇုန်ကျေးရွာတွေကို ဒီးမော့ဆိုPDFက ဧပြီလ တတိယအပတ်အတွင်းက စတင်ပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်စဉ်မှာ စစ်အုပ်စုရဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ၊ လက်နက်ခဲယမ်းအချို့နဲ့ တပ်စွဲထားတဲ့ နေရာမှာ နင်းမိုင်းအများအပြားထောင်ထားခဲ့တာရာကို တွေ့ရှိခဲ့ရတာပါ။
အကြမ်းဖက်စစ်အုပ်စု ထောင်ထားခဲ့တဲ့ နင်းမိုင်းတွေအားလုံးကို ဒီးမော့ဆို PDFက လိုက်လံရှင်းလင်းနေပြီး အားလုံးရှင်းလင်းမပြီးစီးခင်မှာ ပြည်သူတွေအနေနဲ့ လုံခြုံရေးကို ရှေးရှုပြီး စစ်ဇုန်အတွင်းမှာရှိတဲ့ ကျေးရွာတွေကို ပြန်လည်ဝင်ရောက်တာတွေ မလုပ်ဆောင်ဖို့ ဒီးမော့ဆို PDFက သတိပေးထားပါတယ်။