စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦး ဒဏ်ရာရ

အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ကတိုင်ဒီ (ကတဲတေ) BGF စခန်းက ပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေါဇံကြီးကျေးရွာက အမျိုးသမီးငယ်တစ်ဦးနဲ့ အဖွားအိုတစ်ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မနေ့က ဧပြီလ ၂၃ရက်နေ့ ည ၁၁ နာရီခန့်မှာ ကတိုင်ဒီကျေးရွာ BGF ၁၀၁၃ စခန်းကနေ့ ဘီးလင်းမြို့နယ် ဒေါဇံကြီးကျေးရွာကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးနဲ့ အသက် ၆၆ နှစ်အရွယ် အဖွားအိုတစ်ဦး လက်နက်ကြီးကျည်စတွေ ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
“ည ၁၁နာရီ လောက်က လက်နက်ကြီး တစ်လုံးကျတယ်၊ ကလေးမတစ်ယောက်နဲ့ အဘွားအိုတစ်ယောက်ထိတယ်၊ နှစ်ယောက်စလုံး လက်မောင်းကိုထိတာ၊ ဒဏ်ရာမပြင်းပေမယ့် ရွာထဲမှာလူတွေ မနေရဲကြတော့ဘူး” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဒါ့အပြင် ဒေါဇံကြီးကျေးရွာအတွင်းမှာရှိတဲ့ ပြည်သူတွေရဲ့ နေအိမ် ၅ လုံးလည်း လက်နက်ကြီး ထိမှန်ပြီး ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
လေးကေနဲ့ ဝင်းတာပန်ကျေးရွာတွေမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ BGF စခန်းတွေ အမြန်ဆုံးထွက်ခွာသွားဖို့ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်ရင်း ၂ က ဧပြီလ ၂၀ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပြီးနောက် အခုလို ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်လာတာဖြစ်တယ်လို့ သိရပါတယ်။
လေးကေကျေးရွာနဲ့ ဝင်းတာပန်ကျေးရွာတွေမှာ စခန်းချထားတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ BGF တွေဟာ ဆက်သွယ်ရေးလမ်းတွေကို ပိတ်ဆို့ထားတာကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေ ဖြစ်ပေါ်လာနိုင်တာကို ဒေသခံတွေက စိုးရိမ်ကာ ထွက်ပြေးတိမ်းရှောင်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။