စစ်အုပ်စုရဲ့ ဝါးဘိုးတောလမ်းဆုံ စစ်ဆေးရေးဂိတ်အတိုက်ခံရပြီး ၆ဦးသေ

ကရင်ပြည်နယ် ဖားအံမြို့နယ် KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ သထုံ-ဘားအံလမ်းမ ဝါးဘိုးတောလမ်းဆုံမှာ စခန်းချထားတဲ့ စစ်အုပ်စုလက်အောက်ခံ ရဲစစ်ဆေးရေးဂိတ်ကို KNLA တပ်မဟာ (၁)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ၆ဦးသေဆုံးကာ သေနတ် ၃လက် သိမ်းဆည်းရမိခဲ့တယ်လို့ KNU ဖားအံမြို့နယ် သတင်းဌာနခွဲက သတင်းထုတ်ပြန်ထားပါတယ်။
မနေ့က ဧပြီလ ၁၉ရက်နေ့ မနက် ၈နာရီခွဲလောက်မှာဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲအပြီး ဒီကနေ့ ဧပြီလ ၂၀ရက်နေ့မှာ စစ်အုပ်စုလက်အောက်ခံ ဘားအံ ဒုမြို့နယ်မှူးနဲ့ ပြည်သူ့စစ်တွေဟာ တိုက်ပွဲဖြစ်ပွားခဲ့ရာ အနီးကို လာရောက်ခဲ့ပြီး ဝါးဘိုးတော-ကမမောင်း လမ်းဘေးမှာရှိတဲ့ စျေးဆိုင်တွေနဲ့ လမ်းမအကွာအဝေးကို လာရောက် တိုင်းတာခဲ့တယ်လို့ ဆိုပါတယ်။
အခုလိုလာရောက်တိုင်းတာမှုဟာ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်ခဲ့တယ်ဆိုတာကို မသိရှိရသေးဘဲ ဒေသခံပြည်သူတွေအကြား စိုးရိမ်မှုတွေ ရှိနေတယ်လို့သိရပါတယ်။