ဒီနေ့မနက်ပိုင်းမှာ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ၄၅ မိနစ်လောက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဂန့်ဂေါ PDF က ထုတ်ပြန်ပါတယ်။
ဂန့်ဂေါဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ဟာ ချောင်းနက်ရွာမှာ ညအိပ်ပြီးနောက် ဒီနေ့မနက်အစောပိုင်းက ဖက်ဝန်းရွာကနေ စစ်ဘေးရှောင်ပြည်သူတွေ ရှိရာ အနောက်ဘက်ကို ဦးတည်လာတာကြောင့်
PDF-GANGAW (တောင်ပိုင်း) အဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
‘မနက်ကတည်းက တောက်လျှောက်တိုက်ပွဲတွေ ဖြစ်နေတယ်။ စစ်ခွေးတွေက စစ်ရှောင်တွေဆီ ဒုက္ခသွားပေးဖို့ ကြံစည်လို့ လမ်းမှာ ဖြတ်တိုက်တာလို့သိရတယ်။ PDF တွေက သတင်းကြိုရလို့ အေးဆေးစောင့်ပြီး တိုက်တာဆိုတော့ စစ်ခွေးတွေ ထိတယ်လို့သိရတယ်’ လို့ ဂန့်ဂေါ မြို့မရပ်ကွက်နေ လူငယ်တစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်သားတွေရဲ့ ထိခိုက်သေဆုံးမှုစာရင်းကို မသိရသေးပေမဲ့ PDF ရဲဘော်တွေ အထိအခိုက်မရှိဘူးလို့ ဂန့်ဂေါ PDF က ထုတ်ပြန်ပါတယ်။
ပြည်သူတွေအနေနဲ့ ဂန့်ဂေါ-ထီးလင်း လမ်းပိုင်းနဲ့ ဆည်ပေါ်ဘက်လမ်းပိုင်းပေါ် လုံးဝသွားလာခြင်းမပြုကြဖို့ ဂန့်ဂေါ PDF က မေတ္တာရပ်ခံထားပါတယ်။