ရေယာဉ်တောင်ကြော တိုက်ပွဲအတွင်း စစ်အုပ်စုက ၂၀ ဦးထက်မနည်းသေ

မကွေးတိုင်း ငဖဲမြို့နယ် အနောက်ဘက် ရေယာဉ်တောင်ကြောပေါ်ကို အင်အား ၆၀၀ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်ဦးမှုယူပြီး ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုက ၂၀ဦးထက်မနည်း သေဆုံးသွားခဲ့တယ်လို့ People’s Revolution Allianceက သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ ဧပြီလ ၆ရက်နေ့ မနက် ၉နာရီခွဲလောက်မှာ ရေယာဉ်တောင်ကြောပေါ်ကို စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာကို People’s Revolution Alliance (PRA-Magway) နဲ့ Asho Chin Defence Force-ACDF တို့က ကြားဖြတ်တိုက်ခဲ့တာပါ။
တိုက်ပွဲအတွင်းမှာ စစ်အုပ်စုက အထိနာပြီးနောက် သေဆုံးသွားတဲ့ အလောင်းတွေကို အမြန်ကောက်ယူကာ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး နေ့လည်ပိုင်းမှာ အင်အားအလုံးအရင်းနဲ့ ပြန်လည်စစ်ကြောင်းထိုး ဝင်ရောက် လာတာကြောင့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
ထိတွေ့တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တစ်ဦး ကျည်ရှပ်ထိ ဒဏ်ရာ ရရှိခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ သိရပါတယ်။
ဓာတ်ပုံ- People ‘s Revolution Alliance