စစ်အုပ်စု ဥပဒေမဲ့ ချိပ်ပိတ်လိုက်တဲ့နေအိမ် အလုံး ၅၀၀ ကျော်ရှိပြီ

အကြမ်းဖက်စစ်အုပ်စုက ဥပဒေမဲ့ ချိပ်ပိတ်လိုက်တဲ့ နေအိမ် အလုံး ၅၀၀ ကျော်ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။
AAPP က လက်လှမ်းမီသမျှ ကောက်ယူထားတဲ့စာရင်းတွေအရ အကြမ်းဖက်စစ်အုပ်စုရဲ့ ဥပဒေမဲ့ နေအိမ်၊ အဆောက်အဦ ချိပ်ပိတ်မှုဟာ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ၅၄၇ လုံးထက်မနည်း ရှိသွားပြီလို့ သိရပါတယ်။
NUG အစိုးရက ခုခံတော်လှန်စစ် စတင်ကြေညာခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာ နောက်ပိုင်းမှာ NLD အဖွဲ့ဝင်တွေ၊ လွှတ်တော်အမတ်တွေ၊ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေနဲ့ ပိုင်ဆိုင်မှုတွေကို NUG အစိုးရ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ PDF တွေနဲ့ဆက်စပ်တယ်လို့ဆိုကာ ဥပဒေမဲ့ ချိပ်ပိတ်တာတွေကို စစ် အုပ်စုက ပိုမိုတိုးမြှင့်လုပ်ဆောင်နေတယ်လို့ AAPP က ဖော်ပြပါတယ်။
တိုင်းနဲ့ပြည်နယ်အလိုက် နေအိမ်နဲ့ပိုင်ဆိုင်မှု သိမ်းဆည်းခံရမှုတွေမှာ စစ်ကိုင်းတိုင်းဟာ ၁၃၉ လုံးနဲ့ အများဆုံးဖြစ်ပြီးရန်ကုန်တိုင်းက ၁၂၄ လုံးနဲ့ ဒုတိယ၊ မန္တလေးတိုင်းက အလုံး ၇၀ နဲ့ တတိယနေရာမှာ ရှိပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ နေအိမ်နဲ့အဆောက်အဦ ချိပ်ပိတ်မှုကို ၂၀၂၁ ဇွန်မှာ စတင်လုပ်ကိုင်ခဲ့ပြီး နိုဝင်ဘာလမှာ ၁၂၉ လုံး ချိပ်ပိတ်ခဲ့ပါတယ်။ ၂၀၂၂ ဖေဖေါ်ဝါရီမှာ ၁၁၆ လုံးနဲ့ဒုတိယအများဆုံးရှိပြီး ဇန်နဝါရီမှာ ၁၀၆ လုံးနဲ့ တတိယအများဆုံး ချိပ်ပိတ်ခဲ့ပါတယ်။
ချိပ်ပိတ်ခံရတဲ့ အဆောက်အဉီ ပိုင်ရှင်အများစုဟာ ဖမ်းဝရမ်းအထုတ်ခံထားရသူတွေနဲ့ ဖမ်းဆီးထိန်းသိမ်း ခံထားရသူတွေဖြစ်ပြီး အမှုနဲ့မသက်ဆိုင်တဲ့ ဆွေမျိုးသားချင်းတွေရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ချိပ်ပိတ်သိမ်းဆည်းတာတွေ ရှိနေကြောင်း AAPP က ဖော်ပြပါတယ်။