အာဏာသိမ်းကာလ တစ်နှစ်နီးပါးအတွင်း လက်နက်ကိုင်တိုက်ပွဲ အကြိမ်၂၀၀၀ကျော်ဖြစ်ပွားခဲ့

အာဏာသိမ်းကာလ တစ်နှစ်နီးပါးအတွင်း လက်နက်ကိုင်တိုက်ပွဲအကြိမ်၂၀၀၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ ISP-Myanmar ကထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်အထိ ဒေသအသီးသီးမှာ လက်နက်ကိုင် တိုက်ပွဲ ၂,၂၇၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီးအဲ ဒီတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးရှောင် စုစုပေါင်း ၅၄၈,၁၅၄ ဦးထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေကြောင့် အရပ်သား သေဆုံးမှုက ၄၃၄ ဦးထက်မနည်း ရှိခဲ့ပြီး တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှု ၅၄ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကာအဲ ဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၅၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ISP-Myanmar ကဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားရာ ဒေသတွေမှာ အရပ်သားတွေရဲ့ နေအိမ် ၁,၃၃၅ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အများစုက ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း နဲ့ မကွေးတိုင်းတို့မှာ ဖြစ်ပါတယ်။
အရပ်သားသေဆုံးမှုက နှစ်ပေါင်း ၃၀ ကျော်အတွင်း စံချိန်တင် ဖြစ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့မှတ်တမ်းတွေအရ စစ်အုပ်စုရဲ့ ပစ်ခတ်မှုနဲ့ ဖမ်းဆီးခံရစဉ်ရတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးသူ ၁,၃၅၈ ဦးထက်မနည်းရှိခဲ့ပါတယ်။ စစ်အုပ်စုကတော့ ဒလန်လို့ စွပ်စွဲခံရပြီး သတ်ဖြတ်ခံရသူတွေအပါအဝင် ဗုံးဖောက်ခွဲမှုတွေကြောင့် သေဆုံးရတဲ့ အရပ်သား ၁,၅၃၈ ဦးထက်မနည်းရှိခဲ့ပြီး အသတ်ခံရတဲ့ အစိုးရဝန်ထမ်း ၂၉၂ ဦးရှိတယ်လို့ ပြောပါတယ်။
AAPPရဲ့ စာရင်းတွေအရ တစ်နှစ်တာအတွင်း ၁၁,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ၃,၀၀၀ နီးပါး ပြန်လွတ်ခဲ့တာကြောင့် လူပေါင်း ၈,၆၀၀ ကျော် ထက်မနည်း ဖမ်းဆီးခံထားရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။