အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ လူနေအိမ် ၈၀၀၀ နီးပါးရှိပြီ

Photo – Chindwin Post
အကြမ်းဖက်စစ်တပ် မီးရှို့လို့ ပျက်စီးသွားတဲ့ လူနေအိမ်ခန့်မှန်းခြေ ၈၀၀၀ နီးပါးရှိပြီလို့ Data for Myanmar က ဆိုပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ကနေ ၂၀၂၂ ခုနှစ်၊ မတ်လ (၃၁) ရက်အတွင်း အကြမ်းဖက် စစ်တပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေက မီးရှို့လို့ ပျက်စီးသွားတဲ့ လူနေအိမ်ပေါင်း ခန့်မှန်းခြေ ၇,၉၇၃ လုံးရှိ ပြီး အဲဒီဖြစ်စဉ်တွေဟာ နေရာပေါင်း ၂၂၂ နေရာလောက်မှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်က မီးရှို့လို့ လူနေအိမ် ပျက်စီးသွားမှုဟာ ၂၀၂၂ ဖေဖော်ဝါရီလအတွင်း အများဆုံးဖြစ်ပြီး ၂၈၈၂ လုံးရှိပါတယ်။ ဒုတိယ အများဆုံးမှာ မတ်လဖြစ်ပြီး ၁၈၄၆ လုံးနဲ့ တတိယအများဆုံးမှာ ၁၀၅၉ လုံး မီးရှို့ပျက်စီးခဲ့တဲ့ ဇန်နဝါရီလ ဖြစ်ပါတယ်။
မီးရှို့ခံရမှု အများဆုံး ဒေသမှာ စစ်ကိုင်းတိုင်းဖြစ်ပြီး ၄၉၅၄ လုံး ၊ ဒုတိယအများဆုံးမှာ မကွေးတိုင်း ၁၂၈၇ လုံးနဲ့ တတိယအများဆုံးမှာ ချင်းပြည်နယ် ၁၁၃၀ လုံး ရှိပါတယ်။
ပုလဲအခြေစိုက် ပြောက်ကျားရဲဘော်တစ်ဦးက စစ်ကိုင်းတိုင်းအတွင်းလူနေအိမ်မီးရှို့ခံရမှုမှာ ဒီနေ့ထိတိုင် ဆက်တိုက်ဖြစ်ကြောင်း ဆိုပါတယ်။
‘စစ်တပ်က မီးမရှို့ခင် လူနေအိမ်တွေထဲ ဝင်လုတယ်။ သူတို့လိုချင်တာယူပြီးမှ ရှို့နေတာ’ လို့ သူကပြောပါတယ်။