ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့ပေါ်က ရဲစခန်း၊ လျှပ်စစ်ရုံးနဲ့ သစ်တောဂိတ်တို့ကို ၄၀(မမ) ဗုံးသီးလောင်ချာနဲ့ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်ရဲတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၄၁ မိနစ်လောက်မှာ ခရမ်း PDF က ၄၀မမ ဗုံးသီး(၂) လုံးနဲ့ ပစ်ခတ်ခဲ့ရာ ခရမ်းမြို့မရဲစခန်းတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ရဲတစ်ဦးသေဆုံး၊၃ ဦးဒဏ်ရာရ (တစ်ဦးဒဏ်ရာပြင်းထန်) နဲ့ ရဲစခန်းအတွင်းအကာအရံတချို့ ပျက်စီးခဲ့ကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်က ထုတ်ပြန်ပါတယ်။
ညနေ ၅ နာရီ ၄၉ မိနစ်မှာ ခရမ်းမြို့ လျှပ်စစ်ရုံးကို ၄၀ မမ ဗုံးသီး (၁) လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရုံးအနီးနားကျရောက်ပေါက်ကွဲခဲ့ရာ လျှပ်စစ်ရုံး အုတ်နံရံပျက်စီးပြီး မျက်နှာကြက်ကွာကျကာ သေဆုံးဒဏ်ရာရ မရှိခဲ့ပါဘူး။
ဆက်လက်ပြီး ခရမ်း PDF ဟာ ညနေ ၅ နာရီ ၅၈ မိနစ်မှာ အကြမ်းဖက်စစ်သားတွေ စောင့်ကြပ်နေတဲ့ သစ်တောဂိတ် ကို ၄၀ မမ ဗုံးသီး(၁)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဂိတ်အနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ၂ ဦးဒဏ်ရာရကာ တားဆီးထားတဲ့အကာအရံနဲ့ ဘန်ကာတချို့ပျက်စီးခဲ့ကြောင်း ခရမ်းချန်နယ်က ထုတ်ပြန်ပါတယ်။
ယမန်နေ့က တိုက်ခိုက်မှုကြောင့် ခရမ်းမြို့ပေါ်မှာ အင်အားပြင်းတဲ့ ပေါက်ကွဲသံကြားရတယ်လို့ ခရမ်းမြို့ပေါ်နေ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
‘ဆက်တိုက်ကို ပေါက်ကွဲသံအကျယ်ကြီးတွေ ကြားရတော့ စစ်ခွေးတွေ ရူးနေတယ်။ စစ်ခွေးတွေက အခုခရမ်းမှာ တစ်ခုခုဖြစ်ပြီဆို ပြန်တိုက်ဖို့တို့ ဘယ်နေရာမှာ ဖြစ်တာလဲတို့ ချက်ချင်းစုံစမ်းတာမျိုး မလုပ်ဘူး။ သူတို့မသေအောင်ဘယ်လို့ ပုန်းမလဲပဲ စဉ်းစားတယ်’ လို့ သူကပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ သူတို့ရဲ့ ထိခိုက်သေဆုံးမှုအခြေအနေတွေကို ဖုံးကွယ်ထားတဲ့အတွက် အမှန်တကယ် ထိခိုက်ကျဆုံးမှု အခြေအနေဟာ အခုထက်ပိုမိုများပြားနိုင်တယ်လို့ ခရမ်းချန်နယ်က ဆိုပါတယ်။
ယမန်နေ့တိုက်ခိုက်မှုမှာ ခရမ်း PDF ရဲဘော်တွေ ထိခိုက်ကျဆုံးမှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရပါတယ်။