တရုတ်နိုင်ငံတွင်း ပြည်မက မြို့ကြီးတော်တော်များများမှာ ကိုဗစ်ရောဂါကူးစက်မှုတွေ မြင့်တက်နေပြီး နှစ်နှစ်အတွင်း ပြည်တွင်းကူးစက်မှု အမြင့်ဆုံး အခြေအနေကို ရောက်ရှိနေတယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။
နှစ်ရက်ဆက်တိုက် ကူးစက်မှုအသစ် ၁၀၀၀ ကျော်လာပြီးနောက် တရုတ်နိုင်ငံမှာ ပြည်တွင်း ကူးစက်ခံရသူအသစ် ၃,၁၀၀ ကျော်အထိ မြင့်တက်လာခဲ့တယ်လို့ အမျိုးသားကျန်းမာရေးကော်မရှင်က မနေ့က မတ်လ ၁၃ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့သည်။ ဒါဟာ နှစ်နှစ်အတွင်း အမြင့်ဆုံးဖြစ်ပါတယ်။
ရှန်ဟိုင်းမြို့နဲ့ နိုင်ငံအရှေ့မြောက်ပိုင်းက မြို့အတော်များများက စာသင်ကျောင်းတွေကိုလည်း ပိတ်ထားရပြီး ပြည်နယ် ၂၀နီးပါးလောက်မှာ ကိုဗစ်မျိုးဗီဇပြောင်း Delta နဲ့ Omicron ပိုးတွေ ကူးစက်ပျံ့နှံ့နေတာပါ။
တစ်ချိန်တည်းမှာပဲ ဟောင်ကောင် တာဝန်ရှိသူတွေက ကိုဗစ် ရောဂါကူးစက်ခံရသူ ၁၁,၈၀၀ကျော် အပါအဝင် အသစ်ထပ်မံတွေ့ရှိသူ ၂၇,၆၀၀ကျော်ရှိတယ်လို့ South China Morning Post သတင်းဌာနက ဖော်ပြခဲ့ပါတယ်.
၂၀၁၉ ခုနှစ် ကိုဗစ်ရောဂါ စတင်တွေ့ရှိရာ တရုတ်နိုင်ငံတဝန်း ပိုးကူးစက်မှုများတဲ့ နေရာတွေမှာ တင်းကျပ်တဲ့ စည်းကမ်းတွေ ချမှတ်ရုံမက ရောဂါစစ်ဆေးမှုတွေ အကြီးအကျယ်လုပ်ပြီး ထိန်းချုပ်လာပေမယ့် Omicron ကြောင့် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။