ဗစ်တိုးရီးယား ပြည်နယ်မှာ ငွေတိုက်စာချုပ်နဲ့ ရန်ပုံငွေ ဩစတြေးလျဒေါ်လာ ခြောက်သောင်းကျော် ရရှိ

ဩစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်မှာ ကျင်းပတဲ့ NUG အစိုးရ ငွေတိုက်စာချုပ် ရောင်းချပွဲနဲ့ ဈေးရောင်းပွဲမှာ ဩစတြေးလျဒေါ်လာ ခြောက်သောင်းကျော်ဖိုး ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၁၃ ရက်နေ့၊ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနေ့မှာ ငွေတိုက်စာချုပ်နဲ့ ဈေးရောင်းပွဲတော်ကို NUG/CRPH Support Group Australia က ဦးဆောင်ကာ မဲလ်ဘုန်းမြို့က Oakleigh Town Hall မှာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ငွေတိုက်စာချုပ် ဩစတြေးလျဒေါ်လာ လေးသောင်းကျော်ဖိုးနဲ့ ဈေးရောင်းပွဲကနေ နှစ်သောင်းကျော်ဖိုး ရောင်းချနိုင်ခဲ့တယ်လို့ NUG/CRPH Support Group Australia ရဲ့ ဗစ်တိုးရီးယားပြည်နယ်ကိုယ်စားလှယ် ဦးအေးမင်းစိုးက ပြောပါတယ်။
‘မြန်မာ့ရိုးရာ စားသောက်စရာ‌၊ ထမနဲ၊ မုန့်ဟင်းခါး၊ ဘူးသီးကြော်၊ စသဖြင့် တိုင်းရင်းသားရိုးရာ အဝတ်အထည်၊အသုံးအဆောင်၊ နွေဦးတော်လှန်ရေး၊ အထိမ်းအမှတ်ရင်ထိုးတံဆိပ်တွေ ရောင်းချပါတယ်’ လို့ ဦးအေးမင်းစိုးကပြောပါတယ်။
မနေ့က ကျင်းပတဲ့ အဲဒီပွဲကို ဩစတြေးလျရောက်မြန်မာ ၃၀၀ နဲ့ ၅၀၀ ကြား တက်ရောက်ခဲ့ပါတယ်။
ရောင်းချရရှိတဲ့ အလှူငွေတွေကို အကြမ်းဖက် စစ်အုပ်စုရဲ့ဖိနှိပ်မှုအမျိုးမျိုးကြောင့် အတိဒုက္ခရောက်ရှိနေသူတွေကိုကူညီဖို့နဲ့ လူသားချင်းစာနာမှု အကူအညီအတွက် လှူဒါန်းသွားမယ်လို့ NUG/CRPH Support Group Australia ကပြောပါတယ်။
ယမန်နေ့ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဩစတေးလျနိုင်ငံ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ တက်ရောက်ခဲ့ပြီး၊ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ လုပ်ငန်းစဉ်တွေနဲ့ လာမည့် ၆ လအတွင်း ဆောင်ရွက်စရာ ရှိတာတွေကိုရှင်းလင်းပြောပြခဲ့ကာ ရောက်ရှိလာကြတဲ့ မဲလ်ဘုန်းမြန်မာမိသားစုကလည်း သိရှိလိုတာတွေကို ပွင့်ပွင့်လင်းလင်းမေးမြန်းခဲ့ပါတယ်။