လပွတ္တာမြို့မှာ ကျောင်းမအပ်ထားတဲ့ ကျောင်းသားတွေကို တက္ကသိုလ်ဝင်တန်း ဖြေဆိုခွင့်ရဖို့ သုံးသိန်းတောင်းနေ

ဧရာဝတီတိုင်း လပွတ္တာမြို့နယ်မှာ ကျောင်းမအပ်ထားတဲ့ ဆယ်တန်းကျောင်းသားတွေကို တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနိုင်ဖို့ မြို့နယ်ပညာရေးမှူးက ၃သိန်းတောင်းပြီး လုပ်ပေးနေတယ်လို့ CDM ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။
စစ်အုပ်စုက ပြန်လည်ဖွင့်လှစ်တဲ့ စာသင်ကျောင်းတွေကို မတက်တဲ့ ကျောင်းသားတွေနဲ့ တက္ကသိုလ်ဝင်တန်း မတက်ရသေးတဲ့ ကျောင်းသားတွေကိုပါ စာမေးပွဲ ဝင်ရောက်ဖြေဆိုလိုပါက ဖြေဆိုခွင့် လျှောက်လွှာတွေကို ကျောင်းသားတစ်ဦးကို ၃သိန်းကျပ်ဆီ တောင်းခံကာ လုပ်ဆောင်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။
“ဆယ်တန်း မတက်ဖူးတဲ့သူတွေရော နှစ်ကျအပြင်ဖြေတွေကိုရော အခု စာဖြေခွင့်ဖောင်ပိတ်သွားချိန်မှာတောင် ရအောင်လုပ်ပေးမယ်ဆိုပြီး တစ်ယောက်ကို သုံးသိန်းနဲ့ ပညာရေးမှူး ဒေါ်နှင်းဆီက လုပ်စားနေတယ်၊ ကျောင်းအပ်ထားတဲ့သူတွေကလည်း ဒီနှစ်က ဘာမှ မယ်မယ်ရရသင်ထားတာမဟုတ်တော့ အကုန်အအောင်ပေးမှာကိုသိတော့ မိဘတွေက ဆယ်တန်းအောင်သွားပြီးရောဆိုပြီး ပိုက်ဆံပေးပြီးတော့ လုပ်ခိုင်းတယ် ပညာရေးမှူးကလည်း လုပ်ပေးတယ်၊ ဖက်ဆစ်စစ်တပ်က ပညာရေးကို ဖျက်ဆီးသလို Non CDM ဆရာ၊ဆရာမတွေကလည်း ဆရာလို့တောင် မခေါ်ထိုက်တော့ဘူး”လို့ CDM ပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။