
ဇန်နဝါရီ၊ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာမြို့နယ်၊ ရွှေသောင်ယံမြို့နယ်ခွဲထဲက ဘောမိ မှာ ဒီကနေ့ ဇန်နဝါရီလ ၁၂ နေ့မှာ တိုက်ပွဲဖြစ်တာမရှိပေမဲ့ စစ်ရှောင်ကြသူတွေတော့ ဆက်တိုက်ရှိနေပြီး အဲ့ဒီစစ်ရှောင်တွေကိုစစ်ကောင်စီက ပိတ်ဆို့တာတွေလည်းရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက DNAကိုပြောပါတယ်။
ဒီလိုမျိုးစစ်ရှောင်ရာမှာ စစ်တပ်နဲ့နီးစပ်သူတွေအနေနဲ့ ရေလမ်းကြောင်းကနေ ရွေ့ပြောင်းကြသူတွေရှိပြီး အများစုက အဆင်ပြေချောမွေ့ကြပေမဲ့ စစ်တပ်နဲ့ မနီးစပ်သူတွေကတော့ ကုန်းလမ်းကနေ ပြောင်းရွေ့နေကြရကာ အဲ့ဒီစစ်ရှောင်တွေကို စစ်ကောင်စီတပ်ကလိုရာခရီး ပေးမသွားဘဲ ပြန်လှည့်ခိုင်းတာမျိုးတွေ ရှိနေတယ်လို့ ပြောင်းရွေ့ရေးမှာ ကူညီပေးနေကြသူတွေဆီက သိရပါတယ်။
“ အခုက နေရာတွေ အကုန်လုံးကို စစ်တပ်က ပြန်ယူထားနိုင်ပြီး တိုက်ပွဲတွေလည်း ငြိမ်နေတယ်။ အခုရွေ့ကြ တယ်ဆိုတာလည်း လိုင်းပေါ်မှာလျှောက်ဖွနေကြတဲ့ သတင်းတွေကြောင့်ဖြစ်နေတာ ” လို့ စစ်ရှောင်တွေကို ရေလမ်းကြောင်းကနေ ကူညီပြောင်းရွေ့ရေးလုပ်ဆောင်ပေးနေတဲ့ စစ်ကောင်စီထောက်ခံသူ အမျိုးသမီးတဦး က DNA ကိုပြောပါတယ်။
ဒါပေမယ့် ဘောမိ၊မကျီးဇင်၊ပေါက်တူးကွင်း ၊ကုလားချောင်း၊ပေါက်လှချိုင်စတဲ့ စစ်ကောင်စီက စစ်ပြင်ထားတဲ့ နေရာတွေနဲ့ နီးတဲ့ကျေးရွာဒေသခံတွေဟာ ရွှေသောင်ယံအပါအဝင် စစ်ဘေးလွတ်ကင်းမယ်လို့ ယူဆကြတဲ့နေရာ တွေကို ရွေ့ပြောင်းနေကြတာတွေရှိနေပါတယ်။
မနေ့က ဇန်နဝါရီ ၁၁ ရက်နေ့ကတော့ ဘောမိ မှာ တိုက်ပွဲတချို့ရှိခဲ့ပြီး ဒေသခံတွေ ပိတ်မိတာမျိုးရှိတယ်လို့ ပုသိမ်ကနေ ဘောမိကို သွားရောက်ကူညီနေသူတွေဆီက သိရပါတယ်။
“ကျွန်တော်တို့ လူတချို့ မနေ့ကတည်းက ဘောမိကိုထွက်သွားကြတယ်။ ဒီမနက်ကိုပြန်လာဖို့ကို ကားတွေကို ပေးမသွားဘူးပိတ်ထားတယ်ဆိုပြီး ဖုန်းဆက်လာတယ်။ ဖုန်းက သူတို့ကဆက်မှရတယ် ကျွန်တော်တို့ဘက်ကနေ ဆက်လို့မရဘူး ” လို့ ကူညီရေးအဖွဲ့ဝင်တဦးက ဆိုပါတယ်။
စစ်ကောင်စီက ဘောမိနဲ့ မကျီးဇင်ဘက်ကို စစ်အင်အား အလုံးအရင်းနဲ့ ဖြည့်တင်းနေပြီး ဒီကနေ့ မှာတော့ ဘောမိ ဘက်မှာတိုက်ပွဲဖြစ်ပွားသံတွေ မကြားရဘူးလို့ ရွှေသောင်ယံဘက်မှာ နေထိုင်ကြသူတွေဆီက သိရပါတယ်။
လက်ရှိမှာတော့ ဘောမိဘက်ကို ဆက်သွယ်နိုင်ဖို့ ဆက်သွယ်ရေးလိုင်းတွေ ခက်ခဲပြတ်တောက်တာတွေ ရှိနေပေမယ့် အဲ့ဒီဘက်မှာ တိုက်ပွဲဖြစ်ရင် ရွှေသောင်ယံဘက်ကနေ ပစ်ခတ်သံတွေကြားရလေ့ရှိတာမို့ ဒီကနေ့မှာတော့ အသံမကြားရတဲ့အတွက် တိုက်ပွဲမရှိဘူးလို့ DNA ရဲ့ သတင်းရင်းမြစ်တွေက ယူဆနေကြတာပါ။
ဘောမိဒေသက စစ်ကောင်စီတပ်စခန်းတွေအပြင် ရွှေသောင်ယံမြို့က ဆေးရုံတို့ကို AA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြကြတာတွေရှိနေပေမဲ့ DNAရဲ့သတင်းရင်းမြစ် တွေကတော့ သတင်းအမှား တွေ သာဖြစ်တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ မြေပြင်မှာ တိုက်ပွဲတွေနဲ့ စစ်ရေးတင်းမာရှုပ်ထွေးမှုတွေတော့ ဆက်ရှိနေတယ်လို့လည်းအဲ့ဒီသတင်းရင်း မြစ်တွေကအတည်ပြုကြပါတယ်။