စစ်အုပ်စုကို ဆပ်ကြေးပေးသစ်ခိုးထုတ်နေသူတွေ လုပ်ငန်းရုပ်သိမ်းဖို့ သတိပေး

PHOTO-Taungoo LPDF-Team Alpha
ပဲခူးရိုးမအတွင်း အကြမ်းဖက်စစ်အုပ်စုကို ဆပ်ကြေးပေးပြီး စည်းကမ်းမဲ့သစ်ခိုးထုတ်နေသူတွေအနေနဲ့ မတ်လ ၆ ရက်နေ့နောက်ဆုံးထားပြီး လုပ်ငန်းရုပ်သိမ်းဖို့ တောင်ငူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က သတိပေးလိုက်ပါတယ်။
ပဲခူးရိုးမအတွင်း စည်းကမ်းမဲ့သစ်ခိုးထုတ်နေသူတွေဟာ အကြမ်းဖက်စစ်တပ်ကို ဆပ်ကြေးပေးရုံတင်မက ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ လှုပ်ရှားမှုတွေကိုပါ သတင်းပေးနေတယ်လို့ တောင်ငူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဘုရင့်နောင်တပ်ရင်းက ထုတ်ပြန်ပါတယ်။
စည်းကမ်းမဲ့သစ်ခိုးထုတ်နေသူတွေအနေနဲ့ အခုသတိပေးမိန့်ထုတ်ပြန်တဲ့ ဖေဖေါ်ဝါရီ ၂၇ ရက်ကစပြီး မတ်လ ၆ ရက်နေ့အတွင်း လုပ်ငန်းသုံးပစ္စည်းတွေ၊ ယာဉ်တွေနဲ့လူတွေအားလုံး ပဲခူးရိုးမထဲကနေ အပြီးရွှေ့ပြောင်း ကြဖို့နဲ့ သတ်မှတ်ရက်အတွင်း ရွှေ့ပြောင်းခြင်းမပြုပါက သက်ဆိုင်ရာပစ္စည်းများအားလုံးကို နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းဆည်းသွားမည်ဖြစ်ပြီး နောက်ဆက်တွဲအကျိုးဆက်တွေကို လည်း ဘုရင့်နောင်တပ်ရင်းအနေနဲ့ လုံးဝ တာဝန်ယူမှာမဟုတ်ကြောင်းသတိပေးလိုက်ပါတယ်။
‘ဒီကာလဆိုတော့ ပိုဆိုးတာပေါ့။ စစ်ခွေးတွေကလည်း ပိုက်ဆံရရင် ဘာမဆိုလုပ်မယ့်အတန်းအစားတွေ၊ ကိုယ် ကျိုးရှာသူတွေကလည်း ဘယ်သူသေသေ ငတေမာရင်ပြီးရောတွေဆိုတော့ တရားမဝင်သစ်ခိုးခုတ်တာ ပိုများ လာတယ်’လို့ တောင်ငူမြို့နေတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
ဘုရင့်နောင်တပ်ရင်းအနေနဲ့ နိုင်ငံတော်သယံဇာတဖြစ်တဲ့ တန်ဖိုးရှိရှားပါးသစ်ဝါးတွေကို လေလွင့်ပြုန်းတီးခြင်းကနေ ထိန်းသိမ်းကာကွယ်သွားမယ်လို့ ဆိုပါတယ်။