နှစ် ၉,၀၀၀ နီးပါး သက်တမ်းရှိ ဝတ်ပြုကျောင်းတစ်ခု ဂျော်ဒန်နိုင်ငံမှာ တူးဖော်တွေ့ရှိ

ဂျော်ဒန်နိုင်ငံက သဲကန္တာရတစ်ခုထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းကိုးထောင်ခန့်က ဝတ်ပြုကျောင်းတစ်ခု တူးဖော်တွေ့ရှိတယ်လို့ ရှေးဟောင်း သုတေသန တူးဖော်သူ ပညာရှင်တွေက ပြောခဲ့ပါတယ်။ ဂျော်ဒန်ကန္တာရရဲ့ အရှေ့ခြမ်းက ကျောက်ခေတ်သစ်ဆိုင်ရာ တူးဖော်ကွက်တစ်ခုမှာ တွေ့ရှိခဲ့ကြတာပါ။

ဝတ်ပြုကျောင်းနဲ့အတူ ထောင်လျက် ကျောက်တိုင်ကြီးနှစ်ခု ပါဝင်ပြီး အဲဒီခေတ်လက်ရာနဲ့ ထွင်းထုပုံဖော်ထားတာတွေ ပါရှိသလို ကျောက်သားနံရံနှစ်ဖက်ကြား တောင်ဆိတ်ရိုင်းတွေကို ထောင်ခြောက်ဆင်ဖမ်းတဲ့ ကျောက်စိုင်ကျောက်ခဲတွေကိုလည်း တွေ့မြင်ကြရပါတယ်။

“နှစ်ကိုးထောင်ကျော်ခဲ့ပေမယ့် အားလုံးကို အပွန်းအပဲ့မရှိသလောက် တွေ့ခဲ့ရတာပါ” လို့ တူးဖော်သူ ဂျော်ဒန်ပညာရှင် ဝေလ်အဘူအဇစ်ဇာက ပြောပါတယ်။

ရှေးအကျဆုံး ကျောက်ခေတ်ဟောင်းလက်ရာ ဘုရားကျောင်းတစ်ခုကတော့ တူရကီနိုင်ငံက ဂိုဘက်လီ တီပီဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁,၀၀၀ ခန့်ကလို့ တွက်ဆထားကြပါတယ်။