နယူးဇီလန်မှာ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကို ကန့်ကွက်ဆန္ဒပြ

နယူးဇီလန်နိုင်ငံမှာ မဖြစ်မနေ မျက်နှာဖုံးတပ်ဖို့နဲ့ ကာကွယ်ဆေးထိုးဖို့ သတ်မှတ်ချက်တွေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ လူရာပေါင်းများစွာဟာ အစည်းအဝေးတွေ ပြန်လည်ကျင်းပခါစ လွှတ်တော်အဆောက်အအုံနားမှာ မော်တော်ယာဉ်တွေနဲ့ စီတန်းလှည့်လည် ဆန္ဒပြနေကြပါတယ်။
ပါးစပ်နဲ့နှာခေါင်းစည်း ဝတ်ဆင်ထားခြင်းမရှိတဲ့ ဆန္ဒပြသူတွေဟာ နိုင်ငံတစ်ဝန်းက ကားတွေနဲ့ ရောက်ရှိလာကြတာဖြစ်ပြီး လွှတ်တော်ရှေ့ ရင်ပြင်မှာ စကားပြောဆိုခွင့်ရဖို့ ပိတ်ဆို့ရပ်တန့်ထားကြပါတယ်။
နယူးဇီလန်နိုင်ငံမှာ ကျောင်းဆရာတွေ၊ ဆရာဝန်၊ သူနာပြု၊ ရဲနဲ့ စစ်ဘက်ဝန်ထမ်းတွေကို ကာကွယ်ဆေး မဖြစ်မနေ ထိုးဖို့အတွက် သတ်မှတ်ထားတဲ့အပေါ် ဆန္ဒပြသူတွေက မကျေမနပ် ဖြစ်နေကြတာပါ။
လူဦးရေငါးသန်းရှိတဲ့ နယူးဇီလန်နိုင်ငံမှာ ပြီးခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါလှိုင်းတွေအတွင်း ဝင်ထွက်သွားလာမှုတွေကို တင်းတင်းကြပ်ကြပ် ကန့်သတ်ထားနိုင်ခဲ့တဲ့အတွက် ကပ်ရောဂါကြောင့် သေဆုံးမှု ၅၃ ဦးသာ ရှိခဲ့ပါတယ်။
နိုင်ငံအတွင်း လူဦးရေ ၇၇ ရာခိုင်နှုန်းကို ကာကွယ်ဆေးအပြည့်အဝ ထိုးနှံထားနိုင်ခဲ့ပြီး နောက်ထပ် သွားလာမှုကန့်သတ်ချက်တွေ လုပ်တော့မှာ မဟုတ်ဘူးလို့ ကျန်းမာရေးဝန်ကြီး ဂျာဆင်ဒါ အာဒန်က ဆိုပေမယ့် အိုမီခရွန် မျိုးစိတ်ကူးစက်မှုဖြစ်စဉ် နေ့စဉ် ၂၀၀ ဝန်းကျင် ရှိနေတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ဆိုပါတယ်။
မဖြစ်မနေ ကာကွယ်ဆေးထိုးနှံဖို့ သတ်မှတ်ချက်ကြောင့် လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်း ထရပ်ကားမောင်းနှင်သူတွေက ကနေဒါနိုင်ငံ အိုတာဝါမြို့တော်မှာ ပိတ်ဆို့ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး နယူးဇီလန်နိုင်ငံမှာပါ အလားတူ ဆန္ဒပြလာကြတာ ဖြစ်ပါတယ်။