ဟန်ထူးလွင်(ကျားပေါက်) ရဲ့ “ လွတ်မြောက်နယ်မြေ” အမည်ရ တစ်ကိုယ်တော်ပန်းချီပြပွဲ

Big Bag အဖွဲ့ရဲ့ ပင်တိုင် အဆိုတော်လည်းဖြစ် စွယ်စုံရ အနုပညာရှင်လည်းဖြစ်တဲ့ ဟန်ထူးလွင် (ကျားပေါက်) ရဲ့ “ လွတ်မြောက်နယ်မြေ” အမည်ရ ပန်းချီပြပွဲကို ဇန်နဝါရီ ၂၉ ရက်က စပြီး ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က Suvannabhumi Art Gallery မှာ ပြုလုပ်လျှက် ရှိပါတယ်။
ကျားပေါက်ဟာ သူ့ရဲ့ ပထမဆုံး ပန်းချီပြပွဲမှာ သူရေးဆွဲထားတဲ့ ပန်းချီကားပေါင်း ၂၀ ကျော်ကို ခင်းကျင်းပြသထားတယ်လို့ သိရပါတယ်။
ဟန်ထူးလွင်(ကျားပေါက်) ဟာ တေးစီးရီးတွေများစွာ ထွက်ရှိထားပြီး Comics စာအုပ်များ၊ ၎င်းရေးဆွဲထားတဲ့ အနုပညာဒီဇိုင်းများစွာတို့ဖြင့် လူငယ်များ ကြိုက်နှစ်သက်တဲ့ စွယ်စုံရအနုပညာရှင်တစ်ဦးဖြစ်ပါတယ်။
သူဟာ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် တက်ကြွစွာ လှုပ်ရှားပေးနေသူတစ်ဦးဖြစ်ပြီး ကျားပေါက်ရဲ့ ယူကလီးလိ ဂစ်တာ လေလံတင်မှုဟာ ကမ္ဘာ့ဈေးအမြင့်ဆုံး ရရှိခဲ့ပါတယ်။
သူ့ရဲ့ တစ်ကိုယ်တော် ပန်းချီပြပွဲကို အကြမ်းဖက်စစ်အုပ်စုရဲ့ ထောက်လှမ်းရေးတွေက လာရောက်စောင့်ကြည့်နေတာကြောင့် သူကိုယ်တိုင် လာရောက်ပြီး တက်ရောက်နိုင်ခဲ့ခြင်း မရှိဘူးလို့လည်း ကျားပေါက်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။