ကလေးတွေ အကြမ်းဖက်တိုက်ခိုက်ခံနေရတာကို လုံခြုံရေးကောင်စီ နည်းလမ်းရှာကာကွယ်ဖို့ တိုက်တွန်း

၂၈၊ဇန်နဝါရီလ၊၂၀၂၂။

မြန်မာကလေးတွေအကြမ်းဖက် တိုက်ခိုက်ခံနေရတာနဲ့ပတ်သက်ပြီးကုလသမဂ္ဂလုံခြုံရေးကောင်စီက နည်းလမ်းရှာကာကွယ်ဖို့ Save the Children ကတိုက်တွန်းလိုက်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းပြီးတဲ့နောက် ကလေး ၁သိန်းခွဲလောက်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့အကြောင်းSave the Children အဖွဲ့ရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ အဲဒီလို ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း ကယားပြည်နယ်စစ်ရှောင်စခန်းမှာ ဗုံးကြဲခံရတာတွေအပါအဝင် စစ်ကိုင်းတိုင်းထဲ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့အကြမ်းဖက်စစ်တပ်ရဲ့ ဝင်ရောက်စီးနင်းမှုတွေကြောင့် ကလေးတွေသေဆုံးမှုတွေရှိနေတယ်လို့Save the Children ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

UNOCHA ရဲ့ ဇန်နဝါရီ၂၆ရက်နေ့ထုတ်ပြန်ချက်မှာ တိုက်ပွဲတွေကြောင့် မြန်မာလူဦးရေ၄သိန်းလောက်ဟာ အိုးအိမ် စွန့်ခွာထွက်ပြေးနေရပါတယ်။

အဲဒီထဲက ၃၇ရာခိုင်နှုန်းဟာ ကလေးငယ်တွေဖြစ်ကာ အများစုဟာ ဖြစ်သလိုထိုးထားတဲ့တဲမှာနေကြရပြီး ငတ်မွတ်မှုနဲ့ နာဖျားမှုဒဏ်ကိုလည်း ရင်ဆိုင်နေရတယ်လို့ Save the Children ကဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းမြန်မာနိုင်ငံတစ်ဝန်း ကကလေးတသိန်းခွဲလောက်ဟာသူငယ်ချင်းတွေ၊ ကျောင်းတွေနဲ့ခွဲခွာကာ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ Save the Children အမှုဆောင်အကြီးအကဲ အင်ဂါအက်ရှင်း ကပြောပါတယ်။

ကယား ပြည်နယ်လူဦးရေ ၃ သိန်းထဲက တဝက်ကျော်လောက် ဟာ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။