ငါတို့ဘာလို့ မနိုင်ရမှာလဲ

၂၈၊ ဒီဇင်ဘာလ၊ ၂၀၂၁။

“ ကျွန်တော့် ဘေးနားကနေ ကျည်ဆံတွေ တစ်ရွှီးရွှီးနဲ့ ဖြတ်သွားတာ။ ဗိုက်ပွင့် ခေါင်းပွင့်တဲ့သူတွေလည်း အများကြီးဘဲ။ ကျွန်တော်တို့မှာ လေးခွတောင် အလွန်ဆုံးဘဲ။ ဒီကောင်တွေ ဘာလို့ ဒီလောက်တောင် ရက်စက်ကြမ်းကြုတ်ခဲ့တာလဲ။’’ လို့ ၁၅နှစ်အရွယ် ဆယ်ကျော်သက် ကျောင်းသားငယ်လေး ကိုမင်းဟိန်းခန့်က (အမည်လွှဲ) နာနာကျည်းကျည်းဖြင့် ရေရွတ်ပြောဆိုလိုက်ပါတယ်။

မတ် ၁၄ရက်တုန်းက ရန်ကုန်၊ လှိုင်သာယာမြို့နယ်ကို အကြမ်းဖက်စစ်အုပ်စုတပ်တွေ အင်အားအဆမတန်သုံး ၀င်ရောက်ခဲ့ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေကို ကြမ်းကြုတ်ရက်စက်စွာ ဖြိုခွင်းခဲ့ပါတယ်။

အဲ့ဒီနေ့က အကြမ်းဖက်စစ်အုပ်စုဟာ လှိုင်သာယာက ဆန္ဒပြပြည်သူတွေကို ရည်ရွယ်ချက်ချက်ရှိရှိ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ ကျွမ်းကျင်တဲ့ စောင့်ကြည့်လေ့လာသူတွေက အခိုင်အမာ ပြောဆိုကြပါတယ်။

ကိုမင်းဟိန်းခန့်တို့ သူငယ်ချင်းတစ်စုဟာ လှိုင်သာယာက ပြည်သူတွေ အကြမ်းဖက် ဖိနှိပ်ခံနေရချိန်မှာ စစ်အုပ်စုတပ်တွေ အာရုံပြောင်းစေဖို့ သူတို့နေထိုင်တဲ့ မြို့နယ်ကနေ အုံကြွပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကိုမင်းဟိန်းခန့်တို့နဲ့ တစ်သားတည်း ရှိနေတဲ့ ပြည်သူတွေများစွာကလည်း အတူတကွ ပါဝင်ခဲ့ပြီး လှိုင်သာယာ ပြည်သူတွေထဲနဲ့ အတူ ရပ်တည်အုံကြွပေးခဲ့ကြပါတယ်။

“ လှိုင်သာယာ အဖိခံနေရတော့ ကျွန်တော်တို့တွေလည်း အုံကြွဖို့ ဆုံးဖြတ်လိုက်တယ်။ အခြား ပြည်သူလူထုကလည်း အတူတကွ ပါဝင်လာကြတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ အကြမ်းဖက်နှိမ်နင်းမှုတွေကြောင့် ပြည်သူ ၁၄ယောက် ကျဆုံးခဲ့ရတယ်။ ကျွန်တော့်ဘေးတင် ကျည်ထိပြီး လဲကျနေသူတွေ အများကြီးတွေ့ခဲ့ရတယ်။’’ လို့ ကို မင်းဟိန်းခန့်က ပြောပြပါတယ်။

ဒီလို ဖက်ဆစ်စစ်အုပ်စုရဲ့ ရက်စက်တဲ့ ဖိနှိပ်မှုတွေကို အသက်အရွယ်နဲ့ မလိုက် မျက်ဝါးထင်ထင်တွေ့ကြုံ လိုက်ရတဲ့ ကိုမင်းဟိန်းခန့်တို့ သူငယ်ချင်းတွေဟာ စစ်အာဏာရှင် ပြုတ်ကျရေး အဆုံးထိ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတော့တယ်။

“ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေကို အကြမ်းဖက်စစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်ဖြိုခွဲ ခဲ့တယ်။ ပြီးတော့ CDM ဆရာ ဆရာမတွေကိုလည်း သတ်ဖြတ်ခဲ့တယ်။ အခုထိလည်း သတ်ဖြတ်နေတုန်းဘဲ။ အဓိကကတော့ စစ်အာဏာရှင်လက်အောက်မှာ ကျွန်တော်တို့ရဲ့ လွတ်လပ်ခွင့်တွေ အားလုံးဆုံးရှုံးခဲ့ရတယ်။ ဒီအတွက် စစ်အာဏာရှင်စနစ်ကနေ လုံးဝလွတ်မြောက်ရေးအတွက် ကျွန်တော်တို့ တွေ ပြည်သူလူထုနဲ့အတူ အဆုံးထိ တိုက်ပွဲဝင်သွားဖို့ ဆုံးဖြတ်ထားတယ်။’’ လို့ ကိုမင်းဟိန်းခန့်ရဲ့ သူငယ်ချင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်ရဲ့ မြို့နယ် ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုသန်းထွန်းက (အမည်လွှဲ)ဆိုပါတယ်။

ငယ်ရွယ်လှတဲ့ ကိုမင်းဟိန်းခန့်တို့ ကျောင်းသားငယ်လေးတွေဟာ နိုင်ငံရေး သိက္ခာမြင့်မားတဲ့ ကျောင်းသားထုရဲ့ အစဉ်အလာ အတိုင်း အရေးတော်ပုံထဲ စိတ်နှစ်ဝင်ရောက်နေခဲ့ပေမယ့် သူတို့ရဲ့ မိသားစုဝင်တွေကတော့ သူတို့အပေါ် အန္တာရာယ်တွေ ဖြစ်မှာ စိုးရိမ်တာကြောင့် နိုင်ငံရေးနယ်အတွင်း လှုပ်ရှားမှုတွေကို အားပေးခြင်း သိပ်မရှိလှပါဘူး။

ဒါပေမယ့်လည်း ဒီကျောင်းသားငယ်လေးတွေဟာ ကိုအောင်ဆန်းလို ကျောင်းသားခေါင်းဆောင်တွေရဲ့ ဗီဇသွေး အပြည့်ပါဝင်နေတာကြောင့် အခက်အခဲတွေ ကြားက ကျောင်းသားထု လှုပ်ရှားမှုတွေကို အရှိန်မြှင့် လုပ်ဆောင်ခဲ့ကြပါတယ်။

“ အရေးတော်ပုံ ကာလတစ်လျှောက် မြို့နယ် ကျောင်းသားသမဂ္ဂတွေ စဖွဲ့ကြတယ်။ ပြီးတော့ ကျွန်တော်တို့ သပိတ်တွေ စထွက်တယ်။ ပြည်သူလူထုနဲ့ CDM ဆရာ၊ဆရာမတွေအတွက် လိုအပ်တာတွေ လှူဒါန်းဖို့တွေ ကူတယ်။ ကိုဗစ်တတိယလှိုင်းမှာလည်း အောက်စီဂျင်တွေရော ကျန်တဲ့ လိုအပ်တာတွေပါ လိုက်လှူကြတာပေါ့။ တောက်လျှောက်လည်း မြေပြင် သပိတ်တွေကို ရသလို လုပ်နေကြတယ်။ အခုနောက်ပိုင်းတော့ ပိုပြီး ကြပ်တည်းလာတယ်ဗျ။ အလှူငွေလည်း သိပ်မရှိတော့ ရအောင် မဖြစ်ဖြစ်တဲ့ နည်းနဲ့ မြေပြင်သပိတ်တွေ ဆက်ရှိနေရေး ကြိုးစားနေရတယ်။” လို့ ကိုမင်းဟိန်းခန့်က ရင်ဖွင့်ပါတယ်။

ကိုမင်းဟိန်းခန့်၊ ကိုသန်းထွန်းတို့ သူငယ်ချင်းတစ်စုဟာ စစ်အုပ်စုရဲ့ စစ်ကျွန်ပညာရေးစနစ်ကိုလည်း အဆုံးထိ သပိတ်မှောက်ထားခဲ့ကြပါတယ်။ သူတို့ သူငယ်ချင်း တစ်စုမှာ အခြေခံပညာကျောင်းသားတွေ၊ တက္ကသိုလ်ကျောင်းသားတွေ ပါဝင်ပြီး အားလုံးဟာ စစ်ကျွန်ပညာရေးစနစ်အောက်မှာ စာသင်ကျောင်းတွေကို ရဲဝံ့စွာ ကျောခိုင်းထားခဲ့ပါတယ်။

“ ကိုသန်းထွန်းက ဆယ်တန်း ပြီးပြီ။ အသက်က ၁၈နှစ်၊ ကျွန်တော်က ၁၅နှစ် စနစ်သစ် ကိုးတန်း၊ နောက် အစ်မတစ်ယောက်က တက္ကသိုလ်ဒုတိယနှစ်က ကျွန်တော်တို့အားလုံး စစ်ကျွန်ပညာရေးစနစ်ကို အဆုံးထိ ကျောခိုင်းဖို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားတယ်။’’ လို့ ကိုမင်းဟိန်းခန့်က ဆိုပါတယ်။

စစ်အုပ်စုဟာ သူတို့ အာဏာသိမ်းပြီးနောက် ဘာတစ်ခုမျှ ဖြစ်ဖြစ်မြောက်မြောက် ရှိအောင် အုပ်ချုပ်ထားနိုင်စွမ်း မရှိပေမယ့် ကျောင်းတွေကိုတော့ တက်ရောက်မည့်သူ လွန်စွာနည်းပါးတဲ့ကြားက စစ်ကျွန်ပညာရေး အသက်သွင်းလို့ ကျောင်းတွေကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ဖို့ အစဉ်တစ်စိုက် ကြိုးစားနေခဲ့ပါတယ်။

ဖိအားတွေ အကြောက်တရားတွေ ကြောင့် ဖြစ်စေ ကိုယ်တိုင် စိတ်ဆန္ဒအရ ဖြစ်စေ၊ မိဘတွေကို မလွန်ဆန်နိုင်၍ ဖြစ်စေ စစ်ကျွန်ပညာရေးကို အသက်ဆက်ပေးနေတဲ့ ကျောင်းသားတွေ၊ ဆရာ၊ ဆရာမတွေ၊ မိဘတွေကတော့ ရှိနေစဲပါ။

ဒီ အခြေအနေတွေဖြစ်လာတဲ့အတွက် ကိုဘုန်းတို့ သပိတ်မှောက် ကျောင်းသားတွေဟာ စစ်မှန်တဲ့ ဖက်ဒရယ်ပညာရေးစနစ် ပေါ်ထွန်းလာရေးမှာ စစ်ကျွန်ပညာရေးကို ကျောင်းသားပြည်သူအားလုံး ညီညီညာညာ သပိတ်မှောက်ဖို့ လိုအပ်ကြောင်း လှုပ်ရှားမှုတွေ ပိုမိုပြုလုပ်ဖို့ လိုအပ်တယ်လို့ မြင်လာခဲ့ပါတယ်။

“ ကျွန်တော်တို့ ကျောင်းသားထုတင်မကဘူး၊ ပြည်သူလူထု တစ်ရပ်လုံးက စစ်ကျွန်ပညာရေးကို ပြတ်ပြတ်သားသား ဆန့်ကျင်မှ ကျွန်တော်တို့ လိုချင်တဲ့ ကျွန်တော်တို့အတွက် လိုအပ်တဲ့ ဖက်ဒရယ် ပညာရေးစနစ်ကို ရရှိနိုင်မှာပါ။ ဒါကြောင့် ကျွန်တော်တို့တွေ ရန်ငါ ပြတ်ရပါတယ်။ Non-CDM ဆရာ ဆရာမတွေ ကျောင်းသားကျောင်းသူတွေကို ရှုံ့ချအပြစ်တင်တာတွေ လုပ်ကို လုပ်မှရပါမယ်။ စစ်တပ်ယန္တယားထဲ ပါဝင်ပါတ်သတ်နေသူတိုင်း ဟာ ဖက်ဆစ်စစ်တပ်ရဲ့ အပေါင်းအပါအဖြစ် သတ်မှတ်ပြီး ဆန့်ကျင်ရပါမယ်။’’ လို့ မြိုနယ် ဗကသခေါင်းဆောင် ကိုသန်းထွန်းက ပြောပါတယ်။

ဒါကြောင့်လည်း ဒီကျောင်းသားလေးတွေဟာ စစ်ကျွန်ပညာရေး ဆန့်ကျင်တဲ့ ဘန်နာချိတ်ဆွဲ လှုပ်ရှားမှုတွေ၊ စစ်ကျွန်ပညာရေးအထောက်အကူ ပေးနေသူတွေကို ရှုံ့ချအပြစ်တင်တာတွေ၊ စစ်အာဏာရှင် ပြုတ်ကျရေး ပျောက်ကြားသပိတ်တွေကို သတ္တိရှိရှိ ရဲရဲရင့်ရင့် တက်ကြွစွာ လှုပ်ရှားနေခဲ့ကြပါတယ်။

“ မြေပြင်သပိတ်တွေ ဘန်နာချိတ်တာတွေ က အရေးပါပါတယ်။ လက်နက်ကိုင် တော်လှန်ရေးလိုပါဘဲ။ ကျွန်တော်တို့တွေက ဒီလူထုလှုပ်ရှားမှုတွေနဲ့ ပြည်သူတွေ သွေးမအေးကြောင်း သွေးစည်းကြောင်း ပြသနေဖို့ လိုအပ်ပါတယ်။ လက်နက်ကိုင်နေတဲ့ ရဲဘော်တွေ စိတ်ဓါတ်မကျအောင် ကျွန်တော်တို့တွေ မြို့ပြမှာ လှုပ်ရှားပေးနေဖို့ လိုအပ်ပါတယ်။ မြို့ပြလှုပ်ရှားမှုတွေသာ မရှိတော့ရင် ဒီဖက်ဆစ်တွေက နိုင်ငံတကာမှာ သူတို့ အုပ်ချုပ်နိုင်ကြောင်း လီဆယ်လာမှာမို့ အဲ့ဒီိလိုမဖြစ်အောင် ကျွန်တော်တို့က တော့ မြို့ပြလူထုလှုပ်ရှားမှုတွေကို လုပ်နေရဦးမှာပါ။’’ လို့ ကိုသန်းထွန်းက ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ လက်နက်ကိုင်တော်လှန်မှုတွေကို အကြမ်းကြုတ်ဆုံး အရက်စက်ဆုံး အယုတ်မာဆုံး နှိမ်နင်းနေသလို မြို့ပြ မြေပြင် သပိတ်တွေကိုလည်း လူမဆန်စွာ ဖြိုခွင်းရက်စက်ပြနေစဲပါ။ ဘယ်လိုမျိုး ဖိနှိပ်ရက်စက်မှုတွေ ကြုံနေရပါစေ လူငယ်တွေ ပြည်သူတွေကတော့ ဖက်ဆစ်စစ်အုပ်စုကို ဆန့်ကျင်နေကြတုန်းပါဘဲ။

ကိုမင်းဟိန်းခန့်တို့ သူငယ်ချင်းတစ်စုကလည်း စစ်အာဏာရှင်လက်အောက်က လွတ်မြောက်သည်အထိ အဆုံးထိ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားကြပြီးသားပါ။ ဒါ့အပြင် ပြည်သူလူထု တစ်ရပ်လုံးကိုလည်း ကိုဘုန်းတို့က သူတို့တွေနဲ့အတူ ညီညွှတ်စွာ တိုက်ပွဲ ၀င်စေလိုကြပါတယ်။ ပြည်သူလူထုရဲ့ ညီညွှတ်ခြင်းသည်သာလျှင် အင်အားအစစ်အမှန်ဖြစ်ပြီး ဖက်ဆစ်စစ်တပ်ကျဆုံးဖို့အတွက် အရေးကြီးဆုံးအဖြစ် လူထု ညီညွှတ်ဖို့က အရေးကြီးဆုံးအဖြစ်လည်း ကိုမင်းဟိန်းခန့်တို့က ခံယူထားကြပါတယ်။

“ ဒီအရေးတော်ပုံ အောင်မြင်ရေး အရေးကြီးဆုံးကတော့ ပြည်သူပါဘဲ။ ကျွန်တော်တို့ရဲ့ ပြည်သူလူထု ကျောင်းသားထု စတဲ့ အလွှာအသီးသီးက ကဏ္ဍအလိုက် တော်လှန်မှုတွေဟာ အရေးကြီးဆုံးပါ။ ကျွန်တော်တို့အတွက် အင်အားခွန်အားတွေဆိုလည်း မမှားပါဘူး။ ကျွန်တော်တို့ရဲ့ တော်လှန်ရေး ပန်းတိုင်ရောက်ဖို့ ဇွဲ၊ လုံ့လ၊ ၀ီရိယ၊ ယုံကြည်မှုတွေထားပြီး ကြိုးစားပေးကြပါ။ လူတစ်ယောက်ချင်းစီရဲ့ အင်အားဟာ ဓားသွားတွေလိုပါဘဲ။ ဓါးသွားတွေ အများကြီး ညီညွှတ်စွာ စုပေါင်းလို့ရယ် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ကြရပါမယ်။” လို့ ဗကသ အဖွဲ့ဝင် အခြေခံပညာကျောင်းသားလေး ကိုမင်းဟိန်းခန့်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။