အကြမ်းဖက်စစ်အုပ်စုကို အမြန်ဆုံးအရေးယူဖို့ ကမ္ဘာ့နိုင်ငံကြီးတွေကို ညီနောင်မဟာမိတ်၃ဖွဲ့ ပန်ကြား

၂၈၊ ဒီဇင်ဘာလ၊ ၂၀၂၁။

ကမ္ဘာ့ နိုင်ငံကြီးတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စု ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ် မှုနဲ့လူသားမျိုးနွယ် အပေါ် ပြစ်မှုကျူးလွန် နေခြင်းကို အမြန်ဆုံး ထိရောက်စွာ အရေးယူနိုင်ဖို့ ဝိုင်းဝန်း ကြိုးပမ်း သင့်ကြောင်းညီနောင်မဟာမိတ်၃ဖွဲ့က ထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်အုပ်စုက ကရင်နီ ပြည်သူတွေကိုလူမဆန်စွာ အစုလိုက် အပြုံလိုက် အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခြင်းနဲ့ပတ်သက်ပြီး ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLAနဲ့AAတို့က ယမန်နေ့က ပူးတွဲသဘောထား ထုတ်ပြန်ရာမှာ အဲဒီလိုဖော်ပြထားပါတယ်။

ဒီဇင်ဘာ ၂၄ရက်က ကရင်နီပြည်နယ် ၊ဖရူဆိုမြို့နယ် ၊မိုဆိုရွာ အနီး မှာအကြမ်းဖက်စစ်တပ်က ကလေးသူငယ်နဲ့အမျိုးသမီးတွေ အပါအဝင် အပြစ်မဲ့ ပြည်သူ ၃၅ဦး ကျော်ကိုကားပေါ်တင်မီးရှို့ သတ်ဖြတ်ခြင်းနဲ့ သူတို့ကို ပြန်လွှတ် ပေးဖို့သွားရောက် ညှိနှိုင်းတဲ့နယ်ခြားစောင့် တပ်ဖွဲ့ဝင် လေးဦးကိုပါ ပစ်ခတ် သတ်ဖြတ်ကြောင်း ကြားသိရတယ်လို့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီလို လုပ်ဆောင်ခြင်းဟာ စစ်အုပ်စုတပ်‌တွေအနေနဲ့စစ်မြေပြင်မှာစောင့်စည်း ရမယ့်စစ်ဥပဒေနဲ့အရပ်သားတွေကို အကာအကွယ် ပေးရမယ့်ဥပဒေတွေကို မျက်ကွယ်ပြုကာ လူသားမျိုးနွယ် အပေါ် ရည်ရွယ်ချက် ရှိရှိ ကျူးလွန်တဲ့စစ်ရာဇဝတ်မှုတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဲဒီလိုလုပ်ရပ်တွေဟာအကြမ်းဖက်စစ်တပ်ကလုပ်လေ့ လုပ်ထ ရှိတဲ့လုပ်ရပ်ဖြစ်ပြီး လူသားမျိုးနွယ် အပေါ် ကြီးမားတဲ့ ပြစ်မှုတွေကို ကြိမ်ဖန်များစွာ ပြောင်ပြောင် တင်းတင်း လက်ရဲဇက်ရဲ ကျူးလွန် နေခြင်းဖြစ်ကြောင်း လည်းဖော်ပြ​ထားသည်။

ခရစ္စမတ် အကြိုနေ့မှာ လူမဆန်စွာ ဖမ်းဆီး နှိပ်စက်ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရတဲ့ အပြစ်မဲ့ ပြည်သူတွေရဲ့ မိသားစုတွေနဲ့အတူ ဝမ်းနည်း ကြေကွဲရကြောင်းအဲဒီရက်စက် ကြမ်းကြုတ်တဲ့လုပ်ရပ်တွေ အပေါ် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်း လည်းထုတ်ပြန်ထားပါတယ်။