ထိုင်းဘက်ပြေးလာတဲ့ မြန်မာစစ်ဘေးသင့်တွေကို ကူညီကာကွယ်ပေးဖို့ ထိုင်းအစိုးရကို NGO၁၅ဖွဲ့ တောင်းဆို

၂၅၊ ဒီဇင်ဘာလ၊ ၂၀၂၁။

ထိုင်းနိုင်ငံဘက်ထွက်ပြေးလာတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးကာကွယ်ဖို့ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့ ၁၅ ဖွဲ့ ပူးတွဲ ပြီးထိုင်းအစိုးရကို တောင်းဆိုလိုက်ပါတယ်။

တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံထဲ ထွက်ပြေးလာတဲ့ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေကို ထိုင်းအစိုးရက အကူအညီပေးဖို့ Save the Children နဲ့ IRC (နိုင်ငံတကာကယ်ဆယ်ကူညီရေးကော်မတီ )တို့ပါဝင်တဲ့NGO ၁၅ ဖွဲ့ ပူးတွဲပြီး ဒီဇင်ဘာ၂၄ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ကာတောင်းဆိုလိုက်တာပါ။

ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ မြဝတီမြို့နယ်၊လေးကေ့ကော်ဝန်းကျင်မှာ တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် နယ်စပ်ဖြတ်ကျော်တိမ်းရှောင်လာသူတွေ လူသားချင်းစာနာမှုအကူညီရဖို့နဲ့ ခိုလှုံခွင့်ပေးဖို့ အရေးတကြှီးလိုအပ်နေတယ်လို့ NGO အဖွဲ့ ၁၅ ဖွဲ့ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

တိုက်ပွဲတွေကြောင့် ဒီဇင်ဘာလ ၁၅ ရက်ကစလို့လေးကေ့ကော်နဲ့အနီးဝန်းကျင်ရွာတွေက လူပေါင်း တသောင်းလောက် ထွက်ပြေးကြရပြီး အဲဒီထဲက ၄၀၀၀ လောက်ဟာ ထိုင်းနယ်စပ်ကျော်ဖြတ်လာတာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ထိုင်းနိုင်ငံထဲနောက်ထပ်ရောက်လာသူ ရွာသား တထောင်လောက်ကို ထိုင်းအစိုးရက တားဆီးတာ တွေ့ရကြောင်း ထိုင်းနိုင်ငံထဲ ထွက်ပြေးခိုလှုံလာသူတွေကို ပြန်ပို့တာဟာ စစ်ဘေးဒုက္ခသည်တွေအတွက် အသက်အန္တရာယ်စိုးရိမ်ရကြောင်းဆိုပါတယ်။

ထိုင်းနိုင်ငံ၊မယ်တော်စစ်ရှောင်စခန်းရောက်နေတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးက”ကျွန်တော်တို့ မယ်တောင်စစ်ရှောင်စခန်းကို ၁၆ ရက်နေ့ ညနေ၆နာရီ ဝန်းကျင်လောက် ရောက်ကတည်းက ထိုင်းအစိုးရရဲ့ ကူညီမှုက နွေးထွေးလွန်းလှတယ်လို့ ပြောရမှာပါ။ အသံမာမာတစ်ချက်မပြောဘူး။ စကားသံပျော့ပျော့နဲ့ပဲ လိုက်နာစရာရှိတာ၊ ရှောင်စရာရှိတာကိုသာပြောတယ်။ နောက်ပိုင်း မြန်မာဘက်က လူမှုအဖွဲ့အစည်းတွေလည်း ပူးပေါင်းလာတဲ့အခါမှာ မယ်တောင်စစ်ရှောင်စခန်းက တော်တော်လေးအဆင်ပြေသွားတယ်။ ထမင်းစားချိန် သတ်သတ်မှတ်မှတ်နဲ့လည်း ရှိတယ်။ အစောပိုင်း ဝမ်းပြဿနာတွေ ဖြစ်လိုက်သေးတယ်။ နောက်ပိုင်းတော့ ကျန်းမာရေးပိုင်းပါ စနစ်တကျလုပ်ပေးလာတယ်။ မြန်မာ ဆရာဝန်တစ်ယောက်လည်းပါတော့ အဆင်ပိုပြေပါတယ်။အိမ်သာတွေလည်းသေချာဆောက်ပေးတယ်’လို့ပြောပါတယ်။

ထိုင်းအစိုးရအနေနဲ့ ထွက်ပြေးလာသူတွေအတွက် နယ်စပ်ကိုဖွင့်ပေးဖို့၊ UNHCR နဲ့ လက်တွဲပြီး ဒုက္ခသည်တွေကို စိစစ်ခိုလှုံခွင့်ပေးဖို့၊ ဒုက္ခသည်တွေဆီ ကုလနဲ့ လူသားချင်းစာနာမှုအဖွဲ့တွေ သွားရောက်ခွင့်ပေးဖို့စတဲ့အချက်တွေကိုတောင်းဆိုထားပါတယ်။