အမေရိကန်အစိုးရရဲ့ ပိတ်ပင်ခံရပြီးနောက် အမေရိကန်လက်နက်တွေ ဖျက်ဆီးပစ်ဖို့ ကမ္ဘောဒီယားဝန်ကြီးချုပ်ဟွန်ဆန်အမိန့်ပေး  

၁၁၊ ဒီဇင်ဘာလ၊၂၀၂၁။

အမေရိကန် ပြည်ထောင်စုက ကမ္ဘောဒီးယားနိုင်ငံကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပြင် တရုတ်နိုင်ငံနဲ့ ထိတွေ့ဆက်ဆံတာတွေ များလာတဲ့အချက်တွေနဲ့ ပတ်သက်လို့ လက်နက်တင်ပို့ရောင်းချမှုကို မကြာသေးခင်က ပိတ်ပင်ပစ်လိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုက အခုလို အရေးယူဒဏ်ခတ်လိုက်တဲ့နောက်မှာ အမေရိကန်ထုတ် လက်နက်တွေကို ဖျက်ဆီးပစ်လိုက်တာ ဒါမှမဟုတ် ဂိုဒေါင်တွေမှာ စွန့်ပစ်လိုက်ဖို့ ကမ္ဘောဒီယားဝန်ကြီး ဟွန်ဆန်က အမိန့်ပေး ပြောဆိုလိုက်ပါတယ်။

ဘန်ကောက်ပို့စ် သတင်းဌာနရဲ့ ဖော်ပြချက်မှာဆိုရင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ အမေရိကန်ရဲ့ ဒဏ်ခတ်အရေးယူမှုအပေါ် စိတ်ဆိုးဒေါသထွက်ခဲ့ပြီး အမေရိကန်ထုတ် လက်နက်တွေနဲ့ ပတ်သက်လို့ အခုလို အမိန့်ပေးပြောဆိုခဲ့တာလို့ ဆိုပါတယ်။

ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်ဆန်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ အမေရိကန်လက်နက်တွေရဲ့ အရည်အသွေးတွေနဲ့ ပတ်သက်လို့ ဝေဖန်ပြောဆိုတာတွေ ပြုလုပ်ခဲ့တာပါ။

“လက်ရှိ ကမ္ဘောဒီယားမှာ ရှိနေတဲ့ အမေရိကန် လက်နက်တွေကို ပြန်လည်ပြီး သုံးသပ်ဖို့ စစ်တပ်ကို အမိန့်ပေးညွှန်ကြားထားပါတယ်။ လက်နက်တွေအားလုံးကို ဖျက်ဆီးလိုက်တာ ဒါမှမဟုတ်ရင် ဂိုဒေါင်တွေမှာ စွန့်ပစ်လိုက်မှာပါ”လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်က သူ့ရဲ့ ဖေ့ဘုတ်လူမှုကွန်ရက်စာမျက်နှာမှာ ရေးတင်ခဲ့တာပဲဖြစ်ပါတယ်။