မြန်မာပြည်သူတို့ရဲ့ တိတ်ဆိတ်ခြင်းအောင်ပွဲကို ကုလသမဂ္ဂချီးကျူး

၁၁၊ဒီဇင်ဘာလ၊ ၂၀၂၁။

မြန်မာပြည်သူတို့ရဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ကို ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ချီးကျူးလိုက်ပါတယ်။

ဒီဇင်ဘာ၁၀ရက်နေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ပြောခွင့်ရ ရူးပတ် ကိုလ်ဗီးကချီးကျူးလိုက်တာပါ။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ၁၀ရက်နေ့မှာကျင်းပခဲ့တဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ဟာ ပြတ်ပြတ်သားသား အောင်မြင်ခဲ့ပြီး မြန်မာတစ်နိုင်ငံလုံး ရဲ့ လမ်းမကြီးတွေဟာ မနက်ကနေစလို့ ညနေ၄နာရီအထိ တစပြင်ပမာ လူသူကင်းမဲ့စွာ ခြောက်ကပ်သွားခဲ့ပါတယ်။

နိုင်ငံတစ်ဝန်း အသံတိတ်သပိတ် ပြုလုပ်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြသခဲ့တဲ့ မြန်မာပြည်သူတွေရဲ့ ရဲစွမ်းသတ္တိနဲ့ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ကို အသိအမှတ်ပြုကြောင်း ရူးပတ် ကိုလ်ဗီးကပြောပါတယ်။

“မြန်မာပြည်သူတွေ အခုလို အသံတိတ်သပိတ်ပြုလုပ်ပြီး ဆန္ဒထုတ်ဖော်နေကြတာဟာ စစ်တပ်က အာဏသိမ်းလိုက်တာကို ဆန့်ကျင်တော်လှန်မှုတွေကို မစွန့်လွှတ်သေးတဲ့အကြောင်း အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ ပြသနေတာလည်း ဖြစ်ပါတယ်”လို့သူကဆိုပါတယ်။

မြို့တချို့မှာ အကြမ်းဖက်တပ်ဖွဲ့ဝင်တွေက တိတ်ဆိတ်ခြင်းသပိတ်ထဲမပါအောင် ခြိမ်းခြောက်ဟန့်တားခဲ့သလို ဒီဇင်ဘာ၁၁ရက်နေ့မှာလည်း ရန်ကုန်၊ကမာရွတ်မြို့နယ်အတွင်းရှိ လှည်တန်းဈေးမှာ ဆိုင်မဖွင့်ဖို့ စည်ပင်ဝန် ထမ်းတွေက တားမြစ်ပါတယ်။ ရန်ကုန်တောင်ပိုင်းခရိုင်၊တွံတေးမြို့မဈေးက ကုန်ဈေးတန်းဖွင့်လှစ်တာကို အကြမ်းဖက်စစ်တပ်က သေနတ်ပစ်ဖောက်ပြီး ပြန်ပိတ်ခိုင်းတယ်လို့ သိရပါတယ်။