ပန်းပင်ကြီးလမ်း အကြမ်းဖက်သတ်ဖြတ်မှုကို ထိတ်လန့်တုန်လှုပ်မိတယ်လို့ အမေရိကန်သံရုံးထုတ်ပြန်

၆၊ ဒီဇင်ဘာလ၊ ၂၀၂၁။

ရန်ကုန်၊ကြည့်မြင်တိုင်၊ပန်းပင်ကြီးလမ်းမှာ ဖြစ်ပွားခဲ့တဲ့ ကားနဲ့တိုက်၊သေနတ်နဲ့ပစ်သတ်တဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထေင်စုအနေနဲ့ ထိတ်လန့်တုန်လှုပ်မိတယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် ရက်စက်စွာအကြမ်းဖက်နေမှုတွေဟာ မြန်မာနိုင်ငံရဲ့ အားလုံးပါဝင်တဲ့ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိ‌ရေးအတွက် အရေးတကြီး လိုအပ်နေတဲ့အကြောင်း မီးမောင်းထိုးပြနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံး ကယမန်နေ့က ထုတ်ပြန်ပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြသည့် မြန်မာပြည်သူတို့၏ အခွင့်အရေးကို မိမိတို့ထောက်ခံအားပေးကြောင်းလွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် လိုလားတောင့်တနေတဲ့ မြန်မာပြည်သူတွေနဲ့အတူ အတူတကွရပ်တည်နေပြီး အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့၊မတရားဖမ်းဆီးထိန်းသိမ်းထားသူတွေကိုပြန်လွှတ်ပေးဖို့နဲ့ ပြည်သူတို့ရဲ့ဆန္ဒကို လေးစားတန်ဖိုးထားဖို့ စစ်အာဏာရှင်ကို တောင်းဆိုကြောင်း ထုတ်ပြန်ထားပါတယ်။

ပန်းပင်ကြီးလမ်းပေါ် ဆန္ဒပြတဲ့သူတွေကို နောက်ကျောကနေ ကားနဲ့အပြင်းဝင်တိုက်ပြီး သေနတ်နဲ့ပစ်ခတ်မှုကြောင့် ကျဆုံး၅ဦး၊သေနတ်ထိမှန်၈ဦးနဲ့ ဖမ်းဆီးခံရသူ၁၀ဦးလောက်ရှိတယ်လို့ လတ်တ လောသိရပါတယ်။

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel J. Kritenbrink ရဲ့ နိုဝင်ဘာ၂၇ရက်နေ့ကနေ ဒီဇင်ဘာ၄ရက်နေ့အထိ အာဆီယံ၄နိုင်ငံခရီးစဉ်အတွင်း မြန်မာအကြမ်းဖက်စစ်တပ်ရဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေရပ်ဖို့ ဘယ်လိုဖိအားပေးမလဲဆိုတာကို ဆွေးနွေး ခဲ့တယ်လို့ဆိုပါတယ်။