ဇာဗီနဲ့ ဂျာရတ် ဘယ်လဲ ဘာလဲ

၂၈၊ နိုဝင်ဘာ၊ ၂၀၂၁။

တကယ်တော့ မိုးထဲရေထဲကာလမှာ ဘာစီလိုနာဆီကို ဇာဗီ ရောက်လာခဲ့ပါတယ်။ သူ့တာဝန်ယူရတဲ့ ဘာစီလိုနာဆိုတာ ဆင်ပိန် ကျွဲဘဝမျိုးတောင် မဟုတ်တော့ပါဘူး။ ကျွဲပိန်လို့ ဆိတ်ဘဝကို ရောက်နေတဲ့အသင်းပါ။ အဲ့ဒီအသင်းကို ဇာဗီက ရဲရဲရင့်ရင့်ပဲ တာဝန်ယူခဲ့ပါတယ်။ 

ချန်ပီယံလိဂ်မှာ ဘင်ဖီကာနဲ့ သရေကျခဲ့တဲ့ပွဲကလွဲရင် လာလီဂါဘက်မှာတော့ ဘာစီလိုနာက ဇာဗီလက်ထက် နှစ်ပွဲဆက်တိုက် အနိုင်ရလဒ်ကို ရယူနိုင်ခဲ့ပြီးပါပြီ။ ပရီးမီးယားလိဂ်ဘက်မှာလည်း တစ်ချိန်က လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဂျာရတ်ကနေ ဦးဆောင်နေတဲ့ အက်စတွန်ဗီလာက နှစ်ပွဲဆက်တိုက် အနိုင်ရသွားခဲ့ပါပြီ။

 ဒီဂန္ထဝင် နှစ်ယောက်ဟာ ကစားသမားဘဝတုန်းကလိုပဲ နည်းပြဘဝမှာပါ အောင်မြင်မှု သမိုင်းမှတ်တိုင်တွေ စိုက်ထူနိုင်မလားဆိုတာကတော့ စောင့်ကြည့်ချင်စရာပါ။

ဇာဗီနဲ့ ဂျာရတ်တို့ဟာ အသင်းခေါင်းဆောင်တွေ ဖြစ်ခဲ့ကြတာချင်း တူညီသလို ကွင်းလယ်ကို ဦးဆောင်မောင်းနှင်ခဲ့ရသူတွေဖြစ်တာချင်းလည်း တူညီပါတယ်။ 

ချန်ပီယံလိဂ်ဆုဖလားကြီးကို ကိုင်မြှောက်ခွင့်ရခဲ့သူတွေဖြစ်တာချင်းမှာလည်း တူညီပါတယ်။ ဇာဗီက ကစားသမားအဆုံးသတ်ချိန်မှာ ကာတာကလပ် အယ်လ်ဆတ်ဆီ သွားရောက်ကစားတာမျိုး ရှိခဲ့တာကလွဲရင် နှစ်ယောက်လုံးက အသင်းတစ်သင်းတည်းအတွက် စွဲမြဲစွာ ပေးဆပ်ခဲ့ကြသူတွေလည်းဖြစ်ပါတယ်။ 

သူတို့နှစ်ယောက်ကြားမှာ မတူညီတာက ဇာဗီက တည်ငြိမ်အေးစက်တဲ့ဟန်ပန်အပြည့်ကို ပိုင်ဆိုင်ထားသူဖြစ်ပြီး ဂျာရတ်ကတော့ ပေါက်ပေါက်ကွဲကွဲနဲ့ ခြင်္သေ့တစ်ကောင်အလား ရှိတတ်တာပါပဲ။ အခုလည်း ကွင်းနံဘေးနားဆီက သူတို့ရဲ့ဟန်ပန်တွေကို ကြည့်လိုက်ရင် အဲ့ဒီအမူအကျင့်တွေကို မြင်နေရတုန်းပဲဖြစ်ပါတယ်။

ဂျာရတ်နဲ့ ဇာဗီတို့ဟာ သူ့နည်းသူ့ဟန်နဲ့ တစ်မျိုးတစ်ဖုံ အခြေအနေဆိုးနေတဲ့ အသင်းတွေကို တာဝန်ယူခဲ့ကြာတာပါ။ 

အက်စတွန်ဗီလာဆိုတာ တစ်ခေတ်တစ်ခါတုန်းက ထိပ်သီးအသင်းကြီးတွေကို နင်လား ငါလား ခံကစားပြခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပေမယ့် ဒီကနေ့ ဒီအချိန်မှာတော့ အဲ့ဒီလို အရှိန်အဝါတွေ ရှိမနေတော့ပါဘူး။

ဒါ့အပြင် ဂရီအယ်လ်လစ်ရှ်ကို ရောင်းထုတ်လိုက်တော့ အက်စတွန်ဗီလာရဲ့အနေအထားက အတော်လေးကို ယိမ်းယိုင်သွားခဲ့ရပါတယ်။ 

ဘာပဲပြောပြော အဲ့ဒီလိုအသင်းကို ရောက်လာတာနဲ့ လိဂ်ပွဲစဉ် နှစ်ပွဲဆက်တိုက် အနိုင်ရအောင် ဦးဆောင်လိုက်နိုင်တဲ့ ဂျာရတ်ရဲ့အရည်အချင်းကိုတော့ အသိအမှတ်ပြုကြရမှာပါ။

ရှေ့လာမယ့် ပွဲစဉ်သုံးပွဲမှာတော့ မန်စီးတီး၊ လက်စတာနဲ့ လီဗာပူးတို့ကို အက်စတွန်ဗီလာက ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ 

အဲ့ဒီပွဲစဉ်သုံးပွဲမှာ အတိုင်းအတာတစ်ခုအထိ ရလဒ်ကောင်းခဲ့ရင် ဂျာရတ်ရဲ့နည်းပြအရည်အသွေးကို မဖြစ်မနေ အသိအမှတ်ပြုရတော့မှာပါပဲ။

ဇာဗီဘက်ကို ကြည့်မယ်ဆိုရင်လည်း အသင်းက ဒဏ်ရာပြဿနာတွေနဲ့ လုံးပန်းနေရတဲ့အပြင် ဘဏ္ဍာရေးအရ အကြွေးနွံထဲပါ သက်ဆင်းကျရောက်နေတာကို မြင်ကြရမှာပါ။ 

ဇန်နဝါရီဈေးကွက်မှာ ဇာဗီက ကစားသမာတချို့ ခေါ်ယူချင်နေပေမယ့် အဆင်ပြေပြေဖြစ်နိုင်ဖို့ကတော့ အခွင့်အလမ်း နည်းပါးလို့နေပါတယ်။ 

ဒါပေမဲ့ ဘာစီလိုနာကစားသမားတွေရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာ ခံယူချက်တွေပြောင်းလဲလာတာ၊ အသင်းအပေါ် ပေးဆပ်မှုအပြည့်နဲ့ ပြန်ကစားလာတာတွေကို ဇာဗီလက်ထက်မှာ မြင်တွေ့ရစပြုလာခဲ့ပါပြီ။ 

အက်စ်ပန်ညိုကို အနိုင်ရခဲ့တဲ့ ကတ်တလန်ဒါဘီပွဲစဉ်က ကစားပုံထက် ဗီလာရီးရဲလ်ကို သုံးဂိုး တစ်ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ဘာစီလိုနာရဲ့ကစားပုံ ပိုပြီးကောင်းလာတာကို မမေ့သင့်ပါဘူး။ 

ဒီအတိုင်းသာ ရှေ့ကိုဆက်ချီနိုင်ခဲ့မယ်ဆိုရင် ရာသီကုန်ချိန်မှာ ဘာစီလိုနာက အနေအထားတစ်ခုဆီကို ပြန်ရောက်လာဖို့ သေချာသလောက်ရှိနေပါတယ်။

ဇာဗီနဲ့ ဂျာရတ်တို့ရဲ့အရွေ့ဟာ ဘယ်အထိလဲ၊ ဘယ်လောက်အထိလဲဆိုတာက ရင်ခုန်စိတ်လှုပ်ရှားစရာပါပဲ။