လာမယ့်နွေဈေးကွက်မှာ ဘောလုံးလောကကို လှုပ်ခတ်စေမယ့် အပြောင်းအရွှေ့တွေ ရောက်လာမယ်

 

၂၈၊ နိုဝင်ဘာ၊ ၂၀၂၁။

ရှေ့လာမယ့် နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်ကိုရောက်ရင် ဘောလုံးလောကကို လှုပ်ခတ်စေမယ့် အပြောင်းအရွှေ့တချို့ဖြစ်ပေါ်လာဖို့ ရှိနေပါတယ်။ တချို့သော နာမည်ကြီး ကစားသမားတွေဟာ လက်ရှိမိခင်ကလပ်တွေကို အလွတ်ပြောင်းရွှေ့ကြေးလို အနေအထားမျိုးနဲ့ စွန့်ခွာဖို့ စီစဉ်နေကြပါတယ်။

အေးဂျင့်တွေကလည်း ဇန်နဝါရီဈေးကွက်ရောက်ရင် လာမယ့်နွေဈေးကွက်အတွက် ရည်ရွယ်ပြီး သူတို့ကစားသမားတွေရဲ့အနာဂတ်အတွက် စီစဉ်စရာရှိတာတွေကို စီစဉ်ပေးကြတော့မှာလည်းဖြစ်ပါတယ်။ ဘယ်ကစားသမားတွေဟာ လာမယ့်နွေဈေးကွက်ရောက်ရင် အသင်းပြောင်းဖြစ်နိုင်ပါသလဲ။

သေချာတာကတော့ အမ်ဘတ်ပေ ပါပဲ။ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပေဟာ ပြီးခဲ့တဲ့နွေဈေးကွက်ကတည်းက သူ့အနာဂတ်အတွက် ရှင်းလင်းပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပြီးပြီဖြစ်ပါတယ်။

သူပြောင်းရွှေ့လိုတာက ရီးရဲလ်မက်ဒရစ်ဆီကိုပါပဲ၊ ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်ဘက်ကနေ ပေးချေတဲ့ ပြောင်းရွှေ့ကြေးပမာဏကို ပီအက်စ်ဂျီဘက်က လက်မခံခဲ့ပါဘူး။ အဲ့ဒါကြောင့်ပဲ အမ်ပတ်ပေကလည်း ပညာပြန်ပြခဲ့ပါတယ်။

ဘယ်လိုပြသလဲဆိုတော့ စာချုပ်သစ်ကို လက်မှတ်မထိုးတော့ဘဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ပြောင်းဖို့ကို စီစဉ်လိုက်တာပါပဲ။ အခုအထိလည်း စာချုပ်သစ်က အထမြောက်လာခြင်း မရှိတဲ့အတွက် လာမယ့်နွေဈေးကွက်ဖွင့်ချိန်ရောက်ရင် အမ်ဘတ်ပေကို ရီးရဲလ်မက်ဒရစ်ဂျာစီနဲ့ မြင်တွေ့ရမှာက ကျိန်းသေနေပြီပဲဖြစ်ပါတယ်။

ဒီကစားသမားရဲ့ဈေးကွက်တန်ကြေးဟာ ပေါင်သန်း ၂၀၀ ဝန်းကျင်ရှိနေတာမို့ ပီအက်စ်ဂျီအတွက် အထိနာလွန်းလှတဲ့ ဆုံးရှုံးမှုလို့တောင် ဆိုနိုင်ပါတယ်။

နွေဈေးကွက်မှာ အသင်းပြောင်းဖို့ သေချာသလောက်ရှိနေတဲ့ နောက်ထပ်တစ်ယောက်ကတော့ ပေါ့ဂ်ဘာပဲ ဖြစ်ပါတယ်။ ပေါ့ဂ်ဘာကတော့ မန်ယူကို စိတ်ကုန်လာတဲ့သဘောရှိနေတဲ့အပြင် သူ့ရဲ့အေးဂျင့် ရိုင်အိုလာကလည်း ငွေမျက်နှာတစ်ခုတည်းကိုသာ ကြည့်သူပါ။

အခုလည်း သူ့ကစားသမားကို အသင်းသစ်ဆီ စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ဖို့အတွက် သွားသင့်ကြောင်း ရိပ်ဖမ်းသံဖမ်း ပြောနေပါပြီ။ ပေါ့ဂ်ဘာကလည်း ဒါကို လက်ခံတဲ့သဘောရှိနေပါတယ်။ သူနဲ့ မန်ယူအသင်းအကြားမှာ ချုပ်ထားတဲ့စာချုပ်ကလည်း ဒီနှစ်ကုန်ရင် သက်တမ်းပြည့်ပြီဆိုတော့ ပေါ့ဂ်ဘာကို အလိုရှိတဲ့အသင်းကလည်း အမ်ဘတ်ပေလိုမျိုး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိဖို့ ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်နဲ့ ပီအက်စ်ဂျီတို့က ပေါ့ဂ်ဘာကို ခေါ်ယူချင်နေပါတယ်. အဆာကျယ်လှတဲ့ ပေါ့ဂ်ဘာနဲ့ ပေါ့ဂ်ဘာရဲ့အေးဂျင့်တို့ကတော့ လုပ်ခလစာကို နင့်နေအောင် တောင်းမှာက သေချာပါတယ်။ မန်ယူအတွက်တော့ ကံဆိုးတာပါပဲ။

တကယ်ရောင်းရင် သန်း ၆၀ လောက်အနည်းဆုံး ရနိုင်သေးတဲ့ကစားသမားကို တခြားအသင်းဆီ အလကားပေးရမယ်ဆိုတာ စီးပွားရေးရှုထောင့်ကကြည့်ရင် အရမ်းပဲ ထိခိုက်လွန်းပါတယ်။

နောက်ဆုံးတစ်ယောက်ကတော့ ဟာလန်းပါပဲ။ ကစားသမားဖြစ်သူက ရီးရဲလ်မက်ဒရစ်ဆီကို ပြောင်းချင်နေပေမယ့် သူ့ရဲ့အေးဂျင့် ရိုင်အိုလာကတော့ ဈေးကွက်အခြေအနေကိုကြည့်ပြီး ကစားသွားမယ့်သဘောရှိနေပါတယ်။ ဟာလန်းရဲ့အပြောင်းအရွှေ့ဖြစ်နိုင်ခြေက ဒေါ့မွန်က ကမ်းလှမ်းထားတဲ့စာချုပ်ကို လက်မှတ်ထိုးခြင်း၊ မထိုးခြင်းအပေါ်မှာ လုံးဝမူတည်နေပါတယ်။

ဒေါ့မွန်ရဲ့စာချုပ်သစ်ကို ဟာလန်းသာ လက်မှတ်မထိုးခဲ့ဘူးဆိုရင် လာမယ့်နွေဈေးကွက်မှာ သူ အသင်းပြောင်းဖို့က သေချာသွားပါလိမ့်မယ်။ သူ့ရဲ့စာချုပ်ဖျက်သိမ်းခတန်ကြေးက ပေါင် ၆၄ သန်းသာရှိတဲ့အတွက် အသင်းကြီးအားလုံးက တတ်နိုင်တဲ့တန်ကြေးမျိုးဖြစ်လို့နေပါတယ်။

ရီးရဲလ်မက်ဒရစ်ကတော့ အမ်ဘတ်ပေကို ခေါ်ဖို့ သေချာနေတဲ့အတွက် ဟာလန်းကို ထပ်ခေါ်ဖို့ မဖြစ်နိင်လောက်ပါဘူး။ ဒီတော့ ဟာလန်းဟာ ပရီးမီးယားလိဂ်ဆီကို ရောက်လာဖို့ ရာခိုင်နှုန်းများပါတယ်။

လာမယ့်နွေဈေးကွက်ကတော့ တကယ့်ဒိတ်ဒိတ်ကြဲတွေ အသင်းပြောင်းရွှေ့တာမျိုး ရှိလာနိုင်တဲ့အတွက် လုံးဝကို စိတ်ဝင်စားစရာဖြစ်နေတာ အမှန်ပါပဲ။

 

Facebook Notice for EU! You need to login to view and post FB Comments!

Delta News

Read Previous

မန်ယူနည်းပြထိုင်ခုံပူကို နည်းပြတွေ ဘာကြောင့် စိတ်မဝင်စားတော့တာလဲ

Read Next

ဇာဗီနဲ့ ဂျာရတ် ဘယ်လဲ ဘာလဲ