မန်ယူနည်းပြထိုင်ခုံပူကို နည်းပြတွေ ဘာကြောင့် စိတ်မဝင်စားတော့တာလဲ

 

၂၈၊ နိုဝင်ဘာ၊ ၂၀၂၁။

တစ်ချိန်တုန်းကတော့ အိပ်မက်ကဇာတ်ရုံ အိုးလ်ထရက်ဖို့ဒ်ကွင်းကြီးထဲမှာ မန်ယူနည်းပြအဖြစ် တာဝန်ထမ်းဆောင်ဖို့ဆိုတာက နည်းပြတိုင်းရဲ့စိတ်ကူးအိပ်မက်ပါပဲ။ ဒါပေမဲ့ အခုအချိန်မှာတော့ ဒီအသင်းရဲ့နည်းပြအဖြစ် အလုပ်လုပ်ဖို့ကို နာမည်ကြီးနည်းပြ အတော်များများက စိတ်မဝင်စားကြတော့ပါဘူး။ 

ဘာကြောင့်လဲဆိုတော့ မန်ယူကစားသမားတွေရဲ့အချိုးမပြေမှုရယ်၊ အဝတ်လဲခန်းတွင်း ပြဿနာပေါင်းများစွာ ရှိနေတာရယ်၊ ဖာဂူဆန်ရဲ့ဝင်ရောက်စွက်ဖက်လွန်းမှုရယ်၊ အမှုဆောင်အရာရှိချုပ် အက်ဒ်ဝုဒ်ဝါးဒ်ရဲ့အားရစရာမရှိလှတဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေရယ်ကြောင့်ပါပဲ။ 

အခုတော့ မန်ယူယာယီနည်းပြအဖြစ် ရန်ဂျနစ် ရောက်ရှိလို့လာခဲ့ပါပြီ။ သူ့လက်ထက်မှာ မန်ယူက ဘယ်လိုအပြောင်းအလဲတွေဖြစ်လာနိုင်သလဲဆိုတာ စိတ်ဝင်စားစရာပါ။

ရန်ဂျနစ်ဟာ မန်ယူနည်းပြအဖြစ် ခြောက်လ တာဝန်ထမ်းဆောင်ပြီးရင် အသင်းရဲ့အကြံပေးအဖြစ် ၂ နှစ် ဆက်ရှိနေမှာပါ။ ဒီနှစ်ဘောလုံးရာသီပြီးဆုံးရင် မန်ယူအမှုဆောင်အရာရှိချုပ် အက်ဒ်ဝုဒ်ဝါးဒ်က အနားယူတော့မှာဖြစ်တဲ့အတွက် သူ့နေရာကို ရစ်ချတ်အာနိုးလ်က အစားဝင်လာဖို့ ရှိနေပါတယ်။ 

ဒီတော့ နည်းပြသစ်ခန့်အပ်ရေးကိစ္စကို ရစ်ချတ်အာနိုးလ်နဲ့ ရန်ဂျနစ်တို့ ပူးပေါင်းဆောင်ရွက်လိမ့်မယ်လို့ ယေဘုယျ ကောက်ချက်ဆွဲလို့ ရပါတယ်။ 

မန်ယူဟာ နည်းပြ ဆိုးလ်ရှားကို ရာထူးထုတ်ပယ်လိုက်ပြီးတဲ့နောက် နည်းပြသစ် ရှာပုံတော်ဖွင့်ခဲ့ပါတယ်။

ဂလေဇာမိသားစု အရမ်းလိုချင်ပါတယ်ဆိုတဲ့ နည်းပြ ဇီဒန်းကတော့ မန်ယူကို တာဝန်ယူဖို့ မရှိတော့ပါဘူး။ ပိုချက်တီနိုကလည်း အသံကျယ်ကျယ် ထွက်ခဲ့ပြီးမှ အခုတော့ ပီအက်စ်ဂျီမှာပဲ ဂဏန်းပြန်ငြိမ်သွားပြန်ပါပြီ။

အေဂျက်နည်းပြ အီရစ်ခ် တင်းန် ဟတ်ဂ်ကလည်း အေဂျက်မှာသာ စွာနေတာပါ၊ မန်ယူမှာ နည်းပြလာလုပ်ရင် တစ်ရာသီလောက်နဲ့ ဇာတ်လမ်းပြီးသွားနိုင်ပါတယ်။ ဘရင်ဒန်ရော့ဒ်ဂျားစ်က အလားအလာရှိပေမယ့် သူ့ကို ခေါ်ယူနိုင်ဖို့အတွက်ကတော့ မန်ယူဟာ ခက်ခက်ခဲခဲ ကြိုးပမ်းရမှာပါပဲ။

 ဒီနေရာမှာ ထည့်တွက်ရမှာက ရန်ဂျနစ်ရဲ့အခန်းကဏ္ဍပဲဖြစ်ပါတယ်။ ရန်ဂျနစ်ဟာ အသင်းကို ဘယ်လိုပုံစံမျိုးနဲ့ အထိုင်ချမလဲဆိုတာပါပဲ။ သေချာတာကတော့ နောက်လာမယ့်နည်းပြအတွက် အဆင်ပြေပြေဖြစ်နိုင်လောက်စရာ အခြေအနေတစ်ခုကို ရန်ဂျနစ် ဖန်တီးပါလိမ့်မယ်။

ဒါမှလည်း သူက အကြံပေးနေရာကနေ နောက်လာမယ့်နည်းပြသစ်ကို ကူညီလို့ ရနေမှာပါ။ 

ရန်ဂျနစ်ဟာ ဂျာမန်မော်ဒန်ခေတ်ဘောလုံးလောကရဲ့ခေါင်းကိုင်ဖခင် ဂေါ့ဒ်ဖားသားလို့ တင်စားခံထားရသူပါ။ ဒီတော့ သူ့ရဲပုံစံအတိုင်း တိုက်စစ်အသားပေး ကစားတဲ့ပုံစံမျိုးကို ရန်ဂျနစ် အထိုင်ချလာနိုင်ပါတယ်။ 

အဝတ်လဲခန်းတွင်း ပြဿနာတချို့ကို သူ စတင်ကိုင်တွယ်ပါလိမ့်မယ်။ ငါတို့ မကြိုက်ရင် နည်းပြကို ထုတ်ပစ်လို့ရပါတယ်ဆိုတဲ့ မန်ယူကစားသမားတွေရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာကို ပြုပြင်နိုင်ခဲ့ရင် အသင်းက အပြုသဘောဆောင်တဲ့ အရွေ့တစ်ခု ကျိန်းသေဖြစ်လာမှာပါ။

ဒီနေရာမှာ ရန်ဂျနစ်အလွန်ကာလကိုရောက်ရင် မန်ယူကို ဘယ်သူတာဝန်ယူနိုင်သလဲဆိုတဲ့ မေးခွန်းက ရှိနေပါတယ်။ တကယ်တော့ ပရိသတ်တွေ မေ့လျော့နေသူတစ်ယောက် ရှိလို့နေပါသေးတယ်။ အဲ့ဒီနည်းပြက တခြား မဟုတ်ပါဘူး။ 

ဂျာမနီလက်ရွေးစင်အသင်းကို ကမ္ဘာ့ဖလားရအောင် စွမ်းဆောင်ပေးခဲ့သူ ဂျိုအာချင်လိုးပဲ ဖြစ်ပါတယ်။ အတိတ်ကာလတုန်းက သူ့ကို နည်းပြခန့်ချင်ခဲ့တဲ့ ထိပ်သီးကလပ်အသင်းပေါင်း အများအပြားရှိခဲ့တာကို မမေ့သင့်ပါဘူး။ 

ရန်ဂျနစ်သာ မန်ယူကို ဂျာမန်ကစားဟန်၊ ဂျာမန်ဘောလုံးဒသနနဲ့ အခြေပြုလိုက်ရင် အဲ့ဒါကို ဆက်ခံဖို့အတွက် ဂျာမန်နည်းပြတစ်ယောက်ဟာ အသင့်တော်ဆုံးဆိုတာတွေ ဖြစ်လာနိုင်ခြေရှိနေပါတယ်။ ဒါပေမဲ့ ရာခိုင်နှုန်းအားဖြင့်တော့ အရမ်းကို နည်းလွန်းလှပါတယ်။ 

သေချာတာကတော့ ပရီးမီးယားလိဂ်ရဲ့ကြီးခြောက်ကြီးထဲမှာ ဂျာမန်နည်းပြ ဦးဆောင်တဲ့ အသင်းအရေအတွက်က သုံးသင်းအထိ ဖြစ်လာခဲ့ပြီဆိုတာပါပဲ။ 

အင်္ဂလိပ်တွေ အရမ်းမုန်းတဲ့ ဂျာမန်တွေက ဘောလုံးဘိုးအေ အင်္ဂလိပ်တွေရဲ့ဘောလုံးလောကကို ကယ်တင်ပေးနေရလေပြီလားဆိုတာကတော့ ဆက်လက် စောင့်ကြည့်ကြရတော့မှာပဲဖြစ်ပါတယ်။