တစ်ပတ်အတွင်းမီတာမဆောင်ရင် မီတာပုံးအပြီးဖြုတ်သိမ်းမယ်လို့ ခြိမ်းခြောက်

၂၅၊ နိုဝင်ဘာလ၊ ၂၀၂၁။

ပဲခူးတိုင်း၊ကဝမြို့နယ်၊သပြုရွာသားတွေကို တစ်ပတ်အတွင်း မီတာခမဆောင်ရင် မီတာပုံးအပြီးဖြုတ်သိမ်းမယ်ဆိုပြီး အကြမ်းဖက်စစ်အုပ်စုဝင်တွေက ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ၂၃ရက်နေ့မှာ အိမ်ခြေ၂၀၀၀ကျော်ရှိတဲ့သပြုရွာတစ်ရွာလုံးကို လျှပ်စစ်ဝန်ထမ်းတွေက အဖွဲ့၅ဖွဲ့ ခွဲပြီး အိမ်တိုင်းကို မီးဖြတ်လိုက်ရုံတင်မက အဲဒီလို ခြိမ်းခြောက်တာတွေလည်း ရှိတယ်လို့ သပြုဒေသခံတစ်ဦးက ပြောပါတယ်။

‘တချို့မီးဖြတ်တဲ့အဖွဲ့က အဲဒီလိုခြိမ်းခြောက်လို့ မီးဖြတ်နေတုန်းမှာ အားချင်းမီတာသွားဆောင်သူတွေရှိ တယ်။၂၃ရက်နေ့က မီတာ သွားဆောင်တဲ့သူတွေကို ၂၄ရက်နေ့ ၁၁နာရီလောက်မှာ မီးပြန်ပေးတယ်။အိမ် တိုင်း ၇လစာဆောင်ရတယ်’လို့ သူကပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံးကိုဖြန့်တဲ့ ဒန်သတ္တုလုပ်ငန်းဟာ သပြုရွာမှာ အခြေစိုက်တာကြောင့် သပြုတစ်ရွာလုံး ရဲ့ ရာခိုင်နှုန်း၆၀ဟာ လုပ်ငန်းသုံးမီတာတွေဖြစ်တယ်လို့ဆိုပါတယ်။

‘အလုပ်တွေက မကောင်းတော့ မီတာခအရမ်းအများကြီးမရှိဘူး။၇လစာကို ၁၀သိန်းကျော် အထိဆောင်ရတဲ့လူတွေရှိတယ်။တချို့လည်း ၆သိန်းလောက်ဆောင်ရတယ်။အိမ်သုံးတွေကတော့ တစ်သိန်း ပတ်လည် လောက်ကျတယ်။ ’လို့သူကပြောပါတယ်။

အခုအခါ မီတာခဆောင်သူ ရာခိုင်နှုန်း ၉၀လောက် ရှိပြီလို့ထင်ကြောင်း သူကဆိုပါတယ်။

ပြီးခဲ့တဲ့၃လဝန်းကျင်လောက်ကစပြီး သပြုရွာအတွင်း လျှပ်စစ်မီး ပြတ်တောက်မှုအချိန် တဖြည်းဖြည်းများ လာတယ်လို့သိရပါတယ်။

‘မနက်၊နေ့ခင်း၊ည အဆင်ပြေသလို မီးပျက်နေတယ်။၂၀၂၀အခုလိုအချိန်က အချိန်ပြည့်နီးပါး မီးမပျက်ခဲ့ဘူး’လို့ သူကပြောပါတယ်။