မန္တလေးမြို့မှာ ဗုံးတွေဆက်တိုက်ပေါက်ကွဲနေ

၂၅၊ နိုဝင်ဘာလ၊ ၂၀၂၁။

မန္တလေးမြို့ ဒီ​နေ့ မနက်ကတည်းက အနေရာအနှံ့အပြားမှာ ဗုံးတွေ ဆက်တိုက်ပေါက်ကွဲနေပြီး အကြမ်းဖက်စစ်အုပ်စုကလည်း အင်အားအများအပြားနဲ့ ပိတ်ဆို့ ရှာဖွေမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၂၅ရက်နေ့ မနက် ၅နာရီ ၃၀မိနစ်ခန့်မှာ အမရပူမြို့နယ် မှန်တန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တဆက်ထဲ မနက် ၆နာရီခန့်မှာ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်တီရုံးအနီးမှာရှိတဲ့ CCTV Link ရှိသည့် Network ကေဘယ်လ်ပုံးမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး မန္တလေးမြို့အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက စောင့်ကြည့်နေတဲ့ CCTVအချို့ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

နံနက် ၁၀နာရီ ၃၀မိနစ်ခန့်မှာ မှန်တန်းရပ်ကွက် မြဝတီထရွန်ဇေးရှင်း ကုမ္ပဏီခြံဝင်းအတွင်းမှာ ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မန္တလေး စျေးချိုတော်အနီး ၂၇နဲ့ ၈၅လမ်းထောင့်မှာ မနက် ၁၀နာရီ ၃၀မိနစ်ခန့်မှာ ဗုံးလို့ယူဆရဲတဲ့ အထုတ်တစ်ခုကို တွေ့ရှိပြီးနောက်မှာ စျေးချိုတော်အတွင်းရှိ စျေးဆိုင်တွေ အကုန်ပြန်လည်ပိတ်သိမ်းသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနက်ထဲက ဟိုနားဗုံးပေါက် ဒီနားဗုံးပေါက်သံတွေကြားရပြီးတော့ အနားမှာပါ ဗုံးထပ်တွေ့တယ်ဆိုတော့ စျေးဆိုင်တွေ ပိတ်သွားတာပါ၊ စျေးသည် စျေးဝယ်မရှိဘူးလေ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပေါက်ကွဲမှုတွေနဲ့ ပက်သက်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ဘယ်အဖွဲ့အစည်းကမှ သီးခြား ထုတ်ပြန်လာခြင်း မရှိသေးပါဘူး။