မြန်မာနိုင်ငံအတွက် ကုလမှာကိုယ်စားပြုမယ့်နေရာ ရှေ့လမှာ ဆွေးနွေးမယ်

၂၅၊ နိုဝင်ဘာလ၊ ၂၀၂၁။

မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂမှာ ကိုယ်စားပြုမယ့်နေရာကို ကုလသမဂ္ဂရဲ့ စိစစ်လက်ခံရေးကော်မတီ (Credentials Committee) က ဒီဇင်ဘာ၁ရက်နေ့ ဆွေးနွေးမယ်လို့သိရပါတယ်။

မြန်မာနိုင်ငံအတွက် ကိုယ်စားလှယ်နေရာနဲ့ တာလီဘန်တွေ တကျော့ပြန် အာဏာရခဲ့တဲ့ အာဖဂန်နစ္စတန် နိုင်ငံအတွက် ကိုယ်စားလှယ်နေရာတွေကို အဖွဲ့ဝင် ၉ ဦး ပါဝင်တဲ့ ကော်မတီမှာ ဆွေးနွေးမှာဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိက ဗွီအိုအေကို အတည်ပြုခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဆန့်ကျင်ပြီး ပြည်သူရွေးကောက်ခံအမျိုးသားညီညွတ်ရေးအစိုးရဘက်ရပ်တည်ခဲ့တဲ့  ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာအကြမ်းဖက်စစ်အုပ်စုက  ရာထူးက ဖယ်ရှားကြောင်း ကြေညာထားပြီး သူ့နေရာမှာ စစ်အရာရှိဟောင်းတဦးနဲ့ အစားထိုးဖို့ ကြိုးပမ်းနေပါတယ်။

ကုလသမဂ္ဂရဲ့ လုပ်ထုံးလုပ်နည်းအရ Credentials Committee မှာ ဆွေးနွေးမှုတွေ မလုပ်ဘဲ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက် တာဝန်ယူနိုင်မယ့် အခြေအနေ ဖန်တီးထားဖို့ အမေရိကန်၊ တရုတ်နဲ့ ရုရှားတို့ကြား ညှိနှိုင်းထားကြောင်း  ပြီးခဲ့တဲ့စက်တင်ဘာကကျင်းပပြီးစီးခဲ့တဲ့ ကုလအထွေထွေညီလာခံမတိုင်မီက သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

နှစ်ပတ်လည် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပတဲ့ အချိန်လောက်မှာ ပုံမှန်ပြုလုပ်လေ့ရှိတဲ့ အာဆီယံနဲ့ အစည်းအဝေးကို စက်တင်ဘာလနှောင်းပိုင်း အွန်လိုင်းကနေ ကျင်းပဖို့ စီစဉ်ထားပေမဲ့ မြန်မာနိုင်ငံကိုယ်စားပြုမယ့်သူ နေရာအတွက် မဆုံးဖြတ်ရသေးခင်မှာ အတွင်းရေးမှူးချုပ် အနေနဲ့ အစည်းအဝေးမှာ ပါဝင်ဖို့ အခက်တွေ့နေရတယ်လို့ ဗွီအိုအေကဆိုပါတယ်။

မြန်မာအကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင်ဟာ အာဆီယံမူ၅ချက်ကိုလက်မခံတဲ့အတွက် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ တရုတ်-အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ခွင့်ကို အာဆီယံက ပယ်ချထားခဲ့ပါတယ်။