ဂဒါဖီရဲ့သားဟာ ရွေးကောက်ပွဲဝင်ဖို့ အရည်အချင်းမပြည့်မီဘူးလို့ ရွေးကောက်ပွဲ ကော်မရှင်ပြော

၂၅၊ နိုဝင်ဘာလ၊ ၂၀၂၁။

လစ်ဗျားရွေးကောက်ပွဲ ကော်မရှင်ဟာ အာဏာရှင်ဟောင်း ဂဒါဖီရဲ့ သားဖြစ်သူ ဆေ့ဂဒါဖီအနေနဲ့ လာမယ့် ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အရည်အချင်း မပြည့်မီဘူးလို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့က အသိပေးလိုက်ပါတယ်။

ဒါကြောင့် ဆေ့ဂဒါဖီအနေနဲ့ လာမယ့် လစ်ဗျားသမ္မတ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခွင့် ရရှိတော့မှာမဟုတ်ဘဲ အဆုံးအဖြတ်ခံယူမယ့် အယူခံအတွက်တော့ လက်ရှိမှာ ဆိုင်ငံ့ထားပြီး အရေးပါတဲ့ အဆုံးအဖြတ်ကိုတော့ တရားရုံးက ချမှတ်သွားမှာဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲအတွက် လစ်ဗျားနိုင်ငံသား ၉၈ ဦး ပါဝင်မှတ်ပုံတင်ခဲ့ပြီး လက်ရှိမှာ ၂၅ ဦးကိုတော့ အရည်အချင်းမပြည့်မီတဲ့ စာရင်းထဲ ထည့်သွင်းထားပါတယ်။ အဲ့ဒီစာရင်းမှာ ဆေ့ဂဒါဖီလည်း ပါဝင်နေခဲ့တာပါ။

ဆေ့ဂဒါဖီဟာ စစ်ရာဇဝတ်မှုတွေအဖြစ် ဖခင်ဖြစ်သူ ဂဒါဖီကို ဆန့်ကျင်တဲ့ ပြည်သူတွေအပေါ် နှိမ်နင်းမှုတွေ ပြုလုပ်ခဲ့ရာမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ ပြစ်ချက်တွေနဲ့ တရားစွဲဆိုတာတွေ ခံထားရတာပါ။

ဒါကြောင့် ရွေးကောက်ပွဲဝင်ဖို့ ကော်မရှင်မှာ မှတ်ပုံတင်ကတည်းက လူကြိုက်နည်းခဲ့တဲ့ ဆေ့ဂဒါဖီအနေနဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကိုသာ စောင့်ကြည့်ရဖို့ ရှိနေတော့တာပဲဖြစ်ပါတယ်။