၂၄၊ နိုဝင်ဘာလ၊ ၂၀၂၁။
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၄၁လမ်းရှိ ဝေယံထွန်းစျေးခေါ် မိုးကောင်း ညစျေးအနီးမှာ စျေးဝယ်လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ကားတစ်စီး ဗုံးပစ်တိုက်ခိုက်ခံရပြီး စစ်အုပ်စု ၂ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ နိုဝင်ဘာလ ၂၄ရက်နေ့ မနက် ၇နာရီခန့်မှာ ဗိုလ်မှူးတစ်ဦး ဦးဆောင်ပြီး ရိက္ခာဝယ်ထွက်လာတဲ့ စစ်အုပ်စုရဲ့ကားကို ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့ GZP (Mandalay)က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ GZP (Mandalay)က သတင်းထုတ်ပြန်ထားပါတယ်။
“စျေးလာဝယ်တဲ့ကားကို ဗုံးလှမ်းပစ်ထည့်လိုက်တာ ကားပေါ်မှာပေါက်ကွဲပြီးတော့ ထိသွားတာ၊ ဗုံးလဲပေါက်ရော စစ်သားတွေက သေနတ်နဲ့ ရမ်းပစ်တာ စျေးထဲက စျေးရောင်းတဲ့သူတွေရော စျေးလာဝယ်တဲ့သူတွေရာ ကျည်ဆံမှန်တာတွေရှိတယ် ၂ယောက်က ဒဏ်ရာပြင်းတယ်ကြားတယ်၊ အကုန်ထွက်ပြေးကြရတာ”လို့ အနီးဝန်းကျင်နေထိုင်သူ တစ်ဦးကပြောပါတယ်။
ဗုံးပစ်တိုက်ခိုက်မှုအတွင်း စစ်အုပ်စုက ၂ဦးသေဆုံးကာ ၃ဦးဒဏ်ရာရရှိခဲ့ပြီး စစ်အုပ်စုက ရမ်းသမ်းပစ်ခတ်မှုကြောင့် စစ်ကားအနီးရှိ ပြည်သူတစ်ဦးနဲ့ စျေးဝယ်သူ အမျိုးသမီး ၂ဦး ဒဏ်ရာရရှိခဲ့တယ်လို့ GZP (Mandalay)က သတင်းထုတ်ပြန်ခဲ့ပြီး ထိခိုက်မိတဲ့ ပြည်သူတွေကို တောင်းပန်ကြောင်း GZP (Mandalay)က ဆိုပါတယ်။
ဓာတ်ပုံ- Google